စစ်ကိုင်း၊ မေ ၂၃၊ ၂၀၂၅။
မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်း၊ တမူးခရိုင်တို့မှာ စစ်ဆင်ရေးတာဝန်ထမ်းဆောင်ပြီး ပြန်လာတဲ့ Burma Liberation Democratic Front – BLDF၊ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦးက တပ်ဖွဲ့ဝင်တွေကို ဒေသခံတွေက ကြိုဆိုဂုဏ်ပြုခဲ့ကြပါတယ်။
မေ ၂၀ ရက်မနက်ပိုင်းမှာ စစ်ကိုင်းတိုင်းရှိ ကျေးရွာ ၂ ရွာက ဒေသခံ ၂၀၀ ကျော်လောက်က သပြေပန်း၊ စားသောက်စရာတွေနဲ့ကြိုဆိုခဲ့ကြတာလို့ BLDF ရဲ့ ဗဟိုကော်မတီဝင်စစ်ရေးတာဝန်ခံက ပြောပါတယ်။
အဲ့ဒီတပ်ဖွဲ့ဝင်တွေဟာ မန္တလေး PDF ရဲ့ ကွပ်ကဲမှုနဲ့အတူ ၆ လကြာ ရှမ်း-မန်းစစ်ဆင်ရေးကနေ ပြန်လာသူတွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမှတ်-၁ စစ်ဒေသရဲ့ကွပ်ကဲမှုနဲ့ တမူးဒေသအတွင်း စစ်ဆင်ရေးတာဝန်ထမ်းဆောင်ပြီး ပြန်လာကြသူတွေဖြစ်ပါတယ်။
ရှမ်း-မန်းစစ်ဆင်ရေးနဲ့ တမူးခရိုင်စစ်ဆင်ရေးတွေအတွင်း BLDF အဖွဲ့မှ တော်လှန်ရေးတပ်ဖွဲ့ဝင် ၄ ဦးကျဆုံးပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း သိရပါတယ်။
တည်းဖြတ် – HP