မင်းလှ၊ မေ ၁၄၊ ၂၀၂၅။
ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ စမ်းဘုတ်ရွာထိပ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ၃ နှစ်ကျော်တပ်စွဲထားတဲ့ အထိုင်ဂိတ်စခန်းကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၃ က မေ ၁၃ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
မေ ၆ ရက်ည ၉ နာရီခန့်မှာ အင်အား ၆၀ ခန့်ရှိနေတဲ့ စမ်းဘုတ်ရွာအထိုင်စခန်းကို သွားရောက်တိုက်ခိုက်ခဲ့ရာ ၆ နာရီအကြာတိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၁ ဦးသေဆုံးကာ ၂ ဦးဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
တိုက်ပွဲဖြစ်ပွားပြီးနောက် မေ ၈ ရက်မှာ စစ်ကောင်စီက စစ်ကူကား ၆ စီး၊ အင်အား ၅၀ ကျော်နဲ့ ရောက်လာပြီး စခန်းအတွင်းရှိ စစ်ကောင်စီတပ်သားတွေကိုခေါ်ဆောင်ကာ မင်းလှဘက်ကိုပြန်ဆုတ်သွားတာလို့ ဆိုပါတယ်။
မေ ၁၀ ရက်မနက် ၉ နာရီခန့်မှာ စစ်ကောင်တပ်ဖွဲ့ဝင်တွေစွန့်ခွာသွားတဲ့ စခန်းအတွင်းကိုဝင်ရောက်ပြီး စစ်ကောင်စီတပ်ဖွဲ့တွေနေထိုင်ခဲ့တဲ့ တဲ၊ ကာရံထားတဲ့ ဝါးအတားအဆီးတွေ၊ ကျန်ရစ်ခဲ့တဲ့ ယူနီဖောင်းနဲ့အသုံးအဆောင်တွေကို မီးရှို့ဖျက်ဆီးခဲ့တာလို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၃ က တပ်ဖွဲ့ဝင်တဦးကပြောပါတယ်။
“စခန်းက ၃ နှစ်ကျော်ပြီ တပ်စွဲထားတာ။ အပေါ်(ပဲခူးရိုးမ)က သစ်လုပ်တဲ့သူတွေ အသွားအလာအတွက် ဂိတ်ပါဖွင့်ထားတာ။ အရင်က နှစ်ခါလောက်ပစ်ဖူးတယ်။ ဒီတကြိမ်က ကျနော်တို့ ၃ ဖွဲ့ပေါင်း ဝိုင်းပတ်တာဆိုတော့ ကြောက်ပြီး စစ်ကူတောင်းပြန်ဆုတ်သွားတာ။”လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၃ က တပ်ဖွဲ့ဝင်တဦးကပြောပါတယ်။
အဆိုပါ စခန်းဟာ ပဲခူးရိုးမနဲ့ မင်းလှမြို့အကြား ဖြတ်သန်းလာတဲ့သစ်ကားတွေကို ငွေကောက်ခံဖို့၊ ရိုးမထဲကနေ မင်းလှမြို့ပေါ်ကို ဖြတ်သန်းသွားလာသူတွေကို စစ်ဆေးဖို့ ဖွင့်လှစ်ထားတဲ့ဂိတ်စခန်းဖြစ်တယ်လို့ သိရပါတယ်။
ဧပြီ ၂၇ ရက်ကလည်း မင်းလှမြို့နယ်၊ ငမိုးရိပ်ကျေးရွာထဲကို စစ်ကောင်စီစစ်ကြောင်းထိုးလာချိန် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံးကာ သေနတ် ၁၁ လက်နဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့သေးတယ်လို့ သိရပါတယ်။
တည်းဖြတ် – M