ညောင်ဦး၊ ဩဂုတ် ၂၄၊ ၂၀၂၅။
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ကျောက်ပြင်ကန်ကျေးရွာမှာ လေကြောင်းကနေ ဗုံးကြဲပစ်ခတ်ခံရလို့ ကလေးငယ် ၁ ဦးအပါအဝင် ၂ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရတယ်လို့ Black Eagle PDF-Bagan အဖွဲ့ဆီကသိရပါတယ်။
ဩဂုတ် ၂၃ ရက် မနေ့ညနေ ၃ နာရီ မိနစ် ၄၀ ခန့်မှာ စစ်ကော်မရှင်တပ်က Mi-35 ၃ စီးနဲ့ ပေါင် ၂၅၀ ဗုံးသီး ၂ လုံးကြဲချပြီး ပွိုင့်ဖိုက်တွေနဲ့ပစ်ခတ်သွားတာလို့ ဆိုပါတယ်။


“ဘုရားပျက်စီးတယ်။ ဘုရားတစောင်းပျက်စီးတယ်။ ရွာထဲက ကလေးငယ် ၁ ယောက်ထိတယ်။ လေယာဥ်သံကြားလို့ ပြေးနေတဲ့အချိန် ရဲဘော်က ဖြတ်သန်းသွားလာရင်း ကြဲတဲ့အချိန်လေယာဥ်သံကြားလို့ ရှုပ်နေတဲ့အချိန် ဖြတ်သန်းသွားလာရင်းထိတာ။ ကလေးက ဘုရားတစောင်းထဲမှာ ရှိနေတယ်။”လို့ Black Eagle PDF-Bagan တာဝန်ခံကပြောပါတယ်။
ကျောက်ပြင်ကန်ရွာကို ဗုံးကြဲပစ်ခတ်ကြဲချိန် ကျေးရွာအနီးမှာ တိုက်ပွဲဖြစ်တာမရှိဘဲ ဒီတိုက်ခိုက်မှုကြောင့် အသက် ၁၀ အရွယ် မောင်ထိန်လင်းအောင်နဲ့ Black Eagle PDF-Bagan အဖွဲ့ဝင် အသက် ၂၃ နှစ်အရွယ် ငဟိန်း ဆိုသူတို့ နေရာမှာတင်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။


ဒါ့အပြင် အသက် ၃၀ အရွယ် အမျိုးသား ၁ ဦးနဲ့ အသက် ၄၀ အရွယ် အမျိုးသမီး ၂ ဦးတို့ ဒဏ်ရာရသွားပြီး နီးစပ်ရာဆေးခန်းမှာ ဆေးကုသနေရသလို ဘုရားနဲ့ ဘုရားတစောင်း၊ နေအိမ် ၅ လုံးပျက်စီးသွားတယ်လို့ ဆိုပါတယ်။
ခုလိုတိုက်ခိုက်ခဲ့တာကြောင့် အိမ်ခြေ ၄၀၀ ကျော်ရှိတဲ့ ကျောက်ပြင်ကန်၊ စက၊ ဂျိုးကန်၊ ကံနီပေါက်ကျေးရွာတွေက ဒေသခံ ၅,၀၀၀ ကျော်လောက်ဘေးလွတ်ရာကိုတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
ဇူလိုင် ၂၈ ရက်ကလည်း ညောင်ဦးမြို့နယ်၊ ဂန့်ဂါကျေးရွာနဲ့ကျောက်ကန်ကျေးရွာကြားမှာ စစ်ကြောင်းကင်းထောက်သွားတဲ့ PDA တပ်ဖွဲ့ဝင် ၂ ဦးပစ်ခတ်ခံရလို့ သေဆုံးသွားတယ်လို့ သိရပါတယ်။
စာတည်း – လင်း