ပေါက်၊ စက်တင်ဘာ ၄၊ ၂၀၂၅။
မကွေးတိုင်း၊ ပေါက်မြို့နယ် ရှေ့တန်းတနေရာမှာ စစ်ကော်မရှင်စစ်ကြောင်းကို အပြန်အလှန်ပစ်ခတ်ရင်း ဗိုက်ပွင့်ပြီး တပ်ဖွဲ့ဝင် ၁ ဦးကျဆုံးခဲ့တယ်လို့ ပခုက္ကူခရိုင် အမှတ် ၁၁ တပ်ရင်းဆီက သိရပါတယ်။
ကျဆုံးခဲ့သူဟာ ပခုက္ကူခရိုင် အမှတ် ၁၁ တပ်ရင်း PPC တပ်ဖွဲ့ဝင် အသက် ၁၉ နှစ်အရွယ် ကျော်ဇင်ဝင်း (ခ) တာယာဖြစ်ပြီး စက်တင်ဘာ ၁ ရက်မှာ စစ်ကော်မရှင်ဘက်ကပစ်ခတ်တဲ့ကျည်မှန်ပြီး ဗိုက်ပွင့် ကျဆုံးခဲ့တာလို့ ဆိုပါတယ်။
“ဗိုက်ပွင့်သွားတာ၊ လမ်းမှာမိုးရွာတော့ ဆေးရုံအချိန်မီမရောက်တော့ ကျဆုံးသွားတာ၊ ရှေ့တန်းတနေရာမှာ ဖြစ်သွားတာပါ၊ ကျနော်တို့ ကာကွယ်ရေးတပ်ဖွဲ့တွေ လုပ်ထုံးလုပ်နည်းအတိုင်း အမိန့်ပြန်တမ်းထုတ်ပြီး သေနတ် ၃ လက်နဲ့ ၁ လက်ကို ၃ ချက်ဖောက်ပြီးသင်္ဂြိုဟ်တယ်” ပခုက္ကူခရိုင် အမှတ် ၁၁ တပ်ရင်း ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
ကျဆုံးတပ်ဖွဲ့ဝင်ရဲ့ ဈာပနအခမ်းအနားကိုတော့ စက်တင်ဘာ ၃ ရက်က ပေါက်မြို့နယ်ထဲမှာ မကွေးတိုင်းဗျူဟာရုံးအုပ်အဖွဲ့၊ ပခုက္ကူခရိုင် အမှတ် ၁၁ တပ်ရင်း ဒုတပ်ရင်းမှူးနဲ့ တပ်ဖွဲ့ဝင်တွေ တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်နဲ့တိုက်ပွဲတွေအတွင်း တပ်ဖွဲ့ဝင်ကျော်ဇင်ဝင်းအပါအဝင် ပခုက္ကူခရိုင် အမှတ် ၁၁ တပ်ရင်းမှ တပ်ဖွဲ့ဝင် ၇ ဦးအထိ ကျဆုံးထားတယ်လို့ သိရပါတယ်။
စာတည်း – လင်း၊ တည်းဖြတ် – M