နတ်မောက်၊ ဇူလိုင် ၁၉၊ ၂၀၂၅။
မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ကန်သာအုပ်စု၊ ကန်သာကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စာသင်ကျောင်းနဲ့ စေတီတချို့ပျက်စီးခဲ့တယ်လို့ နေပြည်တော်စစ်ဒေသ ၉၀၃ တပ်ရင်းဆီက သိရပါတယ်။
ဇူလိုင် ၁၉ ရက် မနက် ၁၁ နာရီလောက်မှာ စက်တပ်လေထီးနဲ့ ပေါင် ၃၀၀ ဗုံး ၂ လုံးကြဲချတာကြောင့် စာသင်ကျောင်းနဲ့ စေတီတချို့အပေါ်ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

“ကန်သာကျေးရွာ စာသင်ကျောင်းကို ကြဲသွားတာ၊ အလယ်တန်းကျောင်းကိုပါ၊ လူထိခိုက်သေဆုံးတာတော့ မရှိသေးဘူး၊ ကန်သာကျေးရွာစေတီတချို့ ပျက်စီးသွားတယ်၊ ဘုန်းကြီးကျောင်းက သိမ်လည်း ပျက်စီး သွားတယ်၊ သိမ်လည်း တခြမ်းပါသွားတယ်၊ စာသင်ကျောင်းကတော့ လုံးလုံးပျက်စီးသွားတယ်၊” လို့ နေပြည်တော်စစ်ဒေသ ၉၀၃ တပ်ရင်း တပ်ရင်းမှူး ဗိုလ်အောင်ဒင်က ပြောပါတယ်။
ဗုံးစထိခဲ့တဲ့ကျောင်းမှာ ဆယ်တန်းအထိဖွင့်လှစ်သင်ကြားနေတဲ့ အစိုးရကျောင်းဖြစ်ပြီး ဒီကနေ့ အာဇာနည်နေ့အဖြစ် ကျောင်းပိတ်ထားလိုက်တဲ့အတွက် လူအထိအခိုက်မရှိခဲ့တာလို့လည်း ဆိုပါတယ်။


“အဲ့ဒီကျောင်းက ၁၀ တန်းအထိ ဖွင့်ထားတယ်၊ သူတို့ဖွင့်လှစ်ခွင့်ပေးထားတဲ့ကျောင်းကိုတောင် သူတို့ကိုယ်တိုင်လာကြဲသွားတယ်ဆိုတော့ ကျနော်တို့လည်း စဉ်းစားမရဘူးဖြစ်နေတယ်၊ သူတို့က စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းတွေကို ဦးတည်ပြီးလုပ်နေတာဆိုတော့ ဒီကလေးတွေအတွက် စိတ်မကောင်းပါဘူး၊” လို့ သူက ဆက်ပြောပါတယ်။
ကန်သာကျေးရွာဟာ အိမ်ခြေ ၃၀၀ နဲ့ လူဦးရေ ၃,၀၀၀ ဝန်းကျင်ရှိပြီး ခုလို လေကြောင်းကနေ တိုက်ခိုက်ခံရတာကြောင့် ဒေသခံတွေလည်းကြောက်လန့်နေကြတယ်လို့ သိရပါတယ်။
စာတည်း – လင်း