သိုက်ထွန်း
မြေလတ်အသံ၊ ဇူလိုင် ၇၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း တိုက်ပွဲတွေကြောင့် ဇွန်လဆန်းပိုင်းမှာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတဲ့ ဒေသခံ ၂ သောင်းကျော်နေရပ်မပြန်နိုင်သေးတဲ့အပြင် စားသောက်နေထိုင်ရေးအတွက်ပါ အခက်တွေ့နေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကန့်ဒေါင့်ရွာတိုက်ပွဲစတင်ခဲ့တဲ့ ဇွန် ၂ ရက်နောက်ပိုင်းကစလို့ ကန့်ဒေါင့်ရွာအအနီးက ကျေးရွာတွေနဲ့ အင်မထီး၊ ဇီးဖြူကုန်းစတဲ့ကျေးရွာတဝိုက်က ရွာပေါင်း ၂၀ ကျော်က ဒေသခံ ၂၅,၀၀၀ကျော် ထွက်ပြေး တိမ်းရှောင်နေကြရတာလို့ စစ်ကိုင်းပြည်သူဖေးမကူကွန်ယက်အဖွဲ့ရဲ့ ပုလဲမြို့နယ်တာဝန်ခံက ကပြောပါတယ်။
စစ်ရှောင်ကာလ ၁ လကျော်ကြာဖြစ်လာတဲ့ စစ်ရှောင်တွေမှာ စားနပ်ရိက္ခာမလုံလောက်တာ၊ နေထိုင်စရာနေရာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုံလောက်စွာမရရှိတာတွေနဲ့ ရင်ဆိုင်နေကြရပြီး ကျွဲ၊ နွားတွေအတွက်လည်းအစာရဖို့ ပိုခက်ခဲလာတယ်လို့ ဆိုပါတယ်။
ဒေသတွင်းကူညီရေးအဖွဲ့တွေက ထောက်ပံ့မှုပေးပေမယ့် လုံလောက်မှုမရှိတာကြောင့် နောက်ထပ် အကူအညီတွေလည်း လိုအပ်နေပြီး ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေမှာလည်း ဖျားနာတာတွေ ဖြစ်တာနဲ့ ကိုယ်ဝန်ဆောင်သည်အမျိုးသမီးတွေအတွက်လည်း ဆေးဝါးလိုအပ်ချက်တွေရှိနေတယ်လို့ သူက ဆက်ပြောပါတယ်။
ပုလဲမြို့နယ်ရှိ ကန့်ဒေါင့်တိုက်ပွဲကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဇွန် ၂ ရက်က စတင်တိုက်ခိုက်ခဲ့ပြီး ဇွန် ၁၉ ရက်မှာ စခန်းကိုသိမ်းပိုက်နိုင်ခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA က ထုတ်ပြန်ခဲ့ပါတယ်။
အဲ့ဒီနောက်ပိုင်းမှာလည်း အင်းမထီးနဲ့ ဇီးဖြူကုန်းကျေးရွာတွေအနီးမှာ စစ်ကောင်စီတပ်နဲ့တော်လှန်ရေးတပ်တို့ ထိတွေ့တိုက်ပွဲတွေဖြစ်နေသေးပြီး စစ်ကောင်စီတပ်ဘက်ကလည်း ကန့်ဒေါင့်စခန်းကို ပြန်လည် ရရှိဖို့ ကြိုးစားနေတာကြောင့် ဒေသခံတွေလည်းရွာကိုပြန်မဝင်နိုင်ကြသေးတာဖြစ်တယ်လို့ သိရပါတယ်။
တည်းဖြတ် – HP