စလင်း၊ ဇွန် ၂၈၊ ၂၀၂၅။
မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်း သံချပ်ကာကားတွေနဲ့စစ်ကြောင်းထိုးပြီးဒေသခံတွေကို ဖမ်းခေါ်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကြား တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
အမြောက်နဲ့သံချပ်ကာကား ၅ စီးပါ အင်အား ၁၀၀ ခန့် စစ်ကြောင်းဟာ ဂုံကုန်းရွာက ရွာခံမိသားစု ၁ စုကို စစ်ကြောင်းထိုးဖမ်းခေါ်ပြီး ဆင်ဖြူကျွန်းမြို့ဘက်ကို ဆက်လက်ဝင်ရောက်လာစဥ် ဇွန် ၂၈ ရက် ဒီကနေ့မနက် ၉ နာရီခွဲလောက်မှာ စလင်းမြို့နဲ့ ၃ မိုင်အကွာ မိုးဝန်းရွာနဲ့ သာစည်ရွာအကြားမှာ တိုက်ပွဲစတင်ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
“ ကံပြားရွာကနေ မနက် ၇ နာရီခွဲလောက်က ထွက်လာတာ၊ စလင်း ရဲစခန်းထဲမှာ ခဏနားတယ်၊ အဲ့ဒီကနေမှ ထွက်လာပြီး ဂုံကုန်းရွာက အိမ်ထောင်စု ၁ စုကို ဖမ်းခေါ်သွားတယ်၊ အဲ့ဒီမိသားစုကိုတော့ သူတို့စစ်ကြောင်းရှေ့ကနေ သွားခိုင်းတယ်” လို့ စလင်းမြို့ခံတဦးက မြေလတ်အသံကို ပြောပါတယ်။
ဒီကနေ့မနက်ပိုင်းကစတင်ဖြစ်ပွားတဲ့ နှစ်ဖက်တိုက်ပွဲတွေဟာ သတင်းတင်ပြချိန်အထိ ဖြစ်ပွားနေဆဲဖြစ်ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်နေကြောင်းသိရကာ တိုက်ပွဲနောက်ဆုံးအခြေအနေတွေကို မြေလတ်အသံက ဆက်လက်တင်ပြပေးသွားပါမယ်။
“ လက်နက်ကြီးသံတွေလည်း အဆက်မပြတ်ကြားရတယ်၊ တော်တော်ပြင်းထန်ပုံရတယ်၊ သာစည်ရွာနဲ့ မိုးဝန်းရွာအကြားမှာဖြစ်တာ၊ တိုက်ပွဲက အခုထိမပြီးသေးဘူး၊ သာစည်ရွာက စစ်ဘေးရှောင် ၄ ဦးလည်း စစ်တပ်ကဖမ်းသွားတယ်” လို့ နောက်ထပ်ဆင်ဖြူကျွန်းမြို့ခံတဦးက ပြောပါတယ်။
တိုက်ပွဲတွေကြောင့် စလင်းမြို့ပေါ်မှာ လူသွားလူလာကင်းမဲ့နေပြီး မြို့နဲ့အနီးတဝိုက်ရွာတွေဖြစ်တဲ့ မိုးဝန်းရွာ၊ ဂုံကုန်းရွာ၊ ပေါင်လောင်ရွာ၊ သာစည်ရွာ၊ တောတွင်ရွာ၊ ကြည်တော်စုရွာ၊ တပ်ပြင်ရွာတွေနဲ့ ဆင်ဖြူကျွန်းမြို့ပေါ်ရှိ သစ္စာမြိုင်ကွက်သစ်က ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
စာတည်း – ဟိန်းစံ၊ တည်းဖြတ် – HP