■ မူးယစ်ဆေး အဓိကဖြန့်ဖြူးရောင်းချသူ လွတ်မြောက်နေ
မြေလတ်အသံ၊ ဇွန် ၂၉၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ စိတ်ကြွမူးယစ်ဆေး WY ဆေးပြား ၃၂,၀၀၀ခန့်နဲ့အတူ အမျိုးသား ၁ ဦးကို ဝက်လက်မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ ပလဖ က ဖမ်းဆီးရမိထားတယ်လို့ သိရပါတယ်။
ဇွန် ၂၁ ရက် နေ့လယ် ၃ နာရီမှာ ဝက်လက်မြို့နယ်၊ အမှတ် ၃ ခရိုင်ချင်းဆက်လမ်းအနီးက အသက် ၄၁ နှစ်အရွယ်အမျိုးသား ၁ ဦးပိုင် လယ်တောခြံထဲမှာဝှက်ထားတဲ့ WYဆေးပြား ၃၂,၀၀၀ ခန့်ပါ ဆေးထုပ် ၁၅ ထုပ်ကို ဖမ်းဆီးရရှိခဲ့တာလို့ ဆိုပါတယ်။
” တရားခံကို အရင်မိတာပါ။စစ်ဆေးချက်အရမှ ပစ္စည်းဝှက်တဲ့နေရာကို လိုက်လံပြသတာပေါ့။ တရားခံကို အမှုဖွင့်ထားတယ်။ ကျန်တဲ့လုပ်ငန်းစဉ်ကတော့ ပြည်သူ့ရဲနဲ့ ဥပဒေအရာရှိနဲ့ တရားသူကြီးနဲ့ ဆောင်ရွက်ပါလိမ့်မယ်”လို့ ဝက်လက်မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ တာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။

လက်ရှိဖမ်းမိတဲ့ မူးယစ်ဆေးတွေနဲ့ အမျိုးသားကို ဖမ်းဆီးနိုင်ရေး ၃ လကြာစုံစမ်းခဲ့ရတာဖြစ်ပေမယ့် ၎င်းဟာတဆင့်ဝယ်ယူထားသူသာဖြစ်ပြီး ဝက်လက်မြို့ နယ်အပါအဝင် မန္တလေးနဲ့အထက်ပိုင်းမှာ အဓိကကူးသန်းဖြန့်ဖြူးရောင်းချနေသူမှာ လွတ်မြောက်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
” အဓိကတရားခံက ခရိုင်ချင်းဆက်လမ်း ကားနဲ့ ကူးသန်းနေသူ။ မန်းလေးနဲ့ အထက်ပိုင်းကူးသန်းနေသူလို့ သိရပါတယ်၊ သူ့ကိုမမိသေးပါဘူး ။ နယ်မြေလည်းကျယ်တယ်။ ပြီးတော့ ဒီကိစ္စက ပြည်သူရော တော်လှန်ရေးအင်အားစုတွေရော အတူပူးပေါင်းနှိမ်နှင်းဆောင်ရွက်ရမယ်ဗျ” လို့ အထက်ပါပလဖတာဝန်ရှိသူက ပြောပါတယ်။

သိမ်းဆည်းရမိ WY မူးယစ်ဆေးပြားတွေကိုတော့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ရဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေကို တင်ပြပြီး ညွှန်ကြားချက်အတိုင်း လုပ်ဆောင်သွားမှာဖြစ်တယ်လို့သိရပါတယ်။
စာတည်း – ဟိန်းစံ