စဥ့်ကူး၊ ဧပြီ ၂၂၊ ၂၀၂၅။
ငလျင်ဒဏ်ခံထားရတဲ့ မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ အောက်ဇီးကုန်းကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ၅ လအရွယ်ကလေးအပါအဝင် ၄ ဦးဒဏ်ရာရတယ်လို့ ပြင်ဦးလွင်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။
ဧပြီ ၂၁ ရက်ညနေ ၃ နာရီ ၃၀ မိနစ်ခန့်မှာ စစ်ကောင်စီဘက်က ဂျက်ဖိုက်တာ ၁ စီးနဲ့ ပေါင် ၂၀၀ ဗုံး ၂ လုံးကြဲချခဲ့ရာ ကျေးရွာအတွင်းကိုကျရောက်ပေါက်ကွဲခဲ့တာလို့ဆိုပါတယ်။


“တိုက်ပွဲမရှိဘဲနဲ့လေကြောင်းကနေ ဗုံးကြဲသွားတာပါ။ ခုဖြစ်တဲ့ရွာက မတ္တရာနဲ့စဥ့်ကူးနယ်စပ်ဆိုတော့ အရင်ကစစ်ကြောင်းထိုးတာရှိပေမယ့် အခုက စစ်ကြောင်းထိုးတာမရှိ တိုက်ပွဲမရှိဘဲ တမင်သက်သက် ဗုံးလာကြဲတာ။”လို့ ပြင်ဦးလွင်ခရိုင်ပကဖ ပြန်ကြားရေးတာဝန်ရှိသူကပြောပါတယ်။
အောက်ဇီးကုန်းကျေးရွာဟာ ယခုအကြိမ်ဗုံးကြဲခံရတာ ပထမဆုံးအကြိမ်ဖြစ်ပြီး ဗုံးစထိမှန်လို့ အသက် ၅ လအရွယ် ကလေး ၁ ဦး၊ အသက် ၆၀ ကျော်အရွယ် အမျိုးသမီး ၁ ဦးနဲ့အသက် ၃၀ ကျော်အရွယ် အမျိုးသမီး ၂ ဦးတို့ ဒဏ်ရာရသွားကာ နွား ၁ ကောင်၊ ဝက် ၄ ကောင်သေဆုံးပြီး နေအိမ် ၃ လုံးလည်းပျက်စီးခဲ့ပါသေးတယ်။
ဒါ့အပြင် ကျေးရွာအတွင်း အိမ်ခြေ ၈၀ ကျော်၊ လူဦးရေ ၂၀၀ ကျော်နေထိုင်ပြီး လက်ရှိမှာတော့ ရွာခံအများစုကျေးရွာကနေ တိမ်းရှောင်နေကြရပါတယ်။
အောက်ဇီးကုန်းကျေးရွာဟာ မတ် ၂၈ ရက် ဖြစ်ပွားခဲ့တဲ့ ပြင်းအားမြင့်ငလျင်ဘေးဒဏ်ကိုကြုံခဲ့ရတဲ့ ကျေးရွာဖြစ်ပြီး ငလျင်လှုပ်ချိန် ပြည်သူ ၂ ဦးသေဆုံး၊ ၁၀ ဦးကျော်ဒဏ်ရာရပြီး နေအိမ် ၃၀ ကျော်ပျက်စီးခဲ့သေးတယ်လို့ သိရပါတယ်။
ဧပြီ ၁၈ ရက်ကလည်း မိတ္ထီလာလေတပ်ကတက်လာတဲ့ ဂျက်ဖိုက်တာ ၁ စီးက စဥ့်ကူးမြို့နယ်၊ ကျည်တောက်ပေါက်ကျေးရွာကို လေကြောင်းကနေဗုံးကြဲခဲ့ရာ ပြည်သူ ၆ ဦးဒဏ်ရာရပြီး စာသင်ဆောင် ၃ လုံးပျက်စီးသွားခဲ့ပါသေးတယ်။

စာတည်း – လင်း