ရွှေကျင်၊ ဧပြီ ၁၁၊ ၂၀၂၅။
ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်မှာ တိုက်ပွဲတွေဖြစ်ပွားပြီး တော်လှန်ရေးပူးပေါင်းတပ်တွေဘက် ၂ ဦး ကျဆုံးကာ ၁ ဦးပျောက်ဆုံးနေတယ်လို့ မြေပြင်တိုက်ပွဲပါဝင်ခဲ့သူတွေထံက သိရပါတယ်။
ဧပြီလ ၁၁ ရက် ယနေ့မနက် ၅ နာရီကျော်ခန့်မှာ ကွမ်းဆိပ်ရွာအခြေစိုက် ခမရ ၅၉၈ တပ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေဘက်က သွားရောက်တိုက် ခိုက်ခဲ့ပြီး အဆိုပါတိုက်ခိုက်ရေးအဖွဲ့အတွက် ညောင်ခြေထောက်ကျေးရွာဘုန်းကြီးကျောင်းကနေ ရှေ့ကင်းအနေနဲ့ရှိနေတဲ့တပ်စိတ်ကို မနက် ၅ နာရီခွဲကျော်မှာ စစ်ကောင်စီအင်အား ၅၀ ကျော်က ပြန်လည်ပိတ်ဆို့တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
” ဒီမနက် ၅၉၈ ကို သွားလုပ်တဲ့အချိန် ညောင်ခြေထောက်မှာ ကင်းထောက်ထားတဲ့ တပ်စိတ်ကို စစ်ကူလာတဲ့စစ်ကြောင်းက ပြန်ဝိုင်းတာခံရတာ။ နှစ်ဖက်ပစ်ကြတော့ ပထမဆုံးထိတဲ့ သူတွေကကျန်ခဲ့ပြီး ကျန်တဲ့သူတွေတော့ လွတ်ခဲ့တယ်။ ရွာကပဲ စကစကို သတင်းပေးလိုက်တာနေမယ်” လို့ မြေပြင်တိုက် ခိုက်ရေးမှာပါဝင်ခဲ့တဲ့ တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
ညောင်ခြေထောက်ဘုန်းကြီးကျောင်းက ရှေ့ကင်းတပ်စိတ်တိုက်ခိုက်ခံရမှုမှာ တောင်ညိုစစ်ကြောင်းတပ်ဖွဲ့ဝင် နွားကြီး၊ ငထက်တို့ ၂ ဦး ကျဆုံးခဲ့ရပြီး အင်းတကော်ပကဖတပ်ဖွဲ့ဝင် ၁ ဦး ပျောက်ဆုံးနေသလို ဘုရားကြီးပကဖတပ်ဖွဲ့ဝင် ၁ ဦးလည်း ဒဏ်ရာရရှိခဲ့တာပါ။
ဒါ့အပြင် တပ်ဖွဲ့ဝင်တွေကိုင်ဆောင်တဲ့ အာပီဂျီ စိန်ပြောင်း ၁ လက်၊ သေနတ် ၁ လက်နဲ့ စစ်သုံးပစ္စည်းအချို့လည်း ကျန်ရစ်ခဲ့တယ်လို့ သိရပြီး စစ်ကောင်စီဘက်ကလည်း သေဆုံးထိခိုက်ရှိပေမယ့် အတိအကျရဖို့စုံစမ်းနေဆဲလို့ ၄င်းက ဆိုပါတယ်။
ခမရ ၅၉၈ ကိုတိုက်ခိုက်ရာမှာတော့ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးရှိနိုင်ပြီး ကာကွယ်ရေးပူးပေါင်းတပ်တွေဘက်တော့ အထိအခိုက်မရှိဘဲ မနက် ၉ နာရီကျော်မှာ ပြန်ဆုတ်လာနိုင်တယ်လို့ သိရပါတယ်။
တိုက်ပွဲတွေကြောင့်ညောင်ခြေထောက်ကျေးရွာနဲ့ ကွမ်းဆိပ်ကျေးရွာတွေက ဒေသခံအချို့ဘေးလွတ်ရာကို ထွက်ပြေးတိမ်ရှောင်နေပြီး ထွက်မပြေးဘဲ နေ အိမ်ကတုတ်ကျင်းတွေထဲ ပုန်းခိုနေကြသူတွေလည်းရှိတယ်လို့ သိရပါတယ်။
စာတည်း – ဟိန်းစံ