မြေလတ်အသံ၊ ဇန်နဝါရီ ၆၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်နဲ့ မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းကို ဇန်နဝါရီ ၆ ရက်မနက်ပိုင်းမှာ စစ်ကော်မရှင်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လသားအရွယ်ကလေး ၁ ဦးနဲ့ အမျိုးသမီး ၃ ဦး သေဆုံးပြီး ထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဝက်လက်မြို့နယ်၊ ပေါက်ကန်နဲ့ ရေသောက်ကန်ကျေးရွာ ၂ ရွာကို စစ်ကော်မရှင်တပ်က ဒီမနက် ၉ နာရီကျော်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လသားအရွယ်ကလေးငယ် ၁ ဦးနဲ့ အမျိုးသမီး ၃ ဦး သေဆုံးခဲ့ပြီး အမျိုးသား ၁ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဝက်လက်ဒေသခံအမျိုးသားတဦးက ပြောပါတယ်။
“ဗုံး ၂ လုံးကြဲတာမှာ ၁ လုံးက အိမ်ပေါ်တည့်တည့်ကျတာ။ ပွဲချင်းပြီး ၃ ယောက်သေတာ။ နောက် ၁ ယောက်က ဆေးခန်းမှာသေတာ။ သေတာကတော့ မိသားစုဝင်တွေလို့ပဲ သိရတယ်။ ကလေးအဖေနဲ့အမေက ဖိုက်တာပစ်တဲ့ထဲမှာ ပါမသွားဘူးဗျ၊ လွတ်တယ်။”လို့ ဝက်လက်ဒေသခံအမျိုးသားတဦးက ပြောပါတယ်။

သေဆုံးသူ ၄ ဦးမှာ ပေါက်ကန်ရွာမှ အသက် ၅ လသားအရွယ် ရှင်းခန့်ကျော်၊ ၇၀ နှစ်အရွယ် ဒေါ်မြ၊ ၆၀ နှစ်အရွယ် ဒေါ်တင်ဌေး၊ ၄၇ နှစ်အရွယ် ဒေါ်သင်းကြိုင်တို့ဖြစ်ကြပါတယ်။
ရေသောက်ကန်ကျေးရွာဗုံးကြဲခံရမှုမှာတော့ ကျေးရွာဘုန်းတော်ကြီးကျောင်းဝန်းအတွင်းကို ဗုံးသီး ၁ လုံးကျရောက်ပေါက်ကွဲခဲ့ရာ အသက် ၆၀ နှစ်အရွယ် ဦးနှင်းဝေ (ခြေထောက်)ဒဏ်ရာရရှိခဲ့ပြီး ဘုန်းကြီးကျောင်းဆောင်၊ လူနေအိမ်တချို့နဲ့ ကားတချို့ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒါ့အပြင် ဒီမနက် ၉ နာရီဝန်းကျင်မှာပဲ မကွေးတိုင်း၊ မြိုင်မြိုနယ်၊ ဝယ်တောက်ရွာကို ဂျိုင်ရိုကော်ပတာနဲ့ ဗုံးကြဲတိုက်ခိုက်ခံရပြီး ဆေးပေးခန်းနဲ့ နေအိမ်အဆောက်အအုံတချို့ ပျက်စီးခဲ့တယ်လို့ မြိုင်မြို့ခံတွေဆီက သိရပါတယ်။

“မြိုင်မြို့နယ် ဝယ်တောင်ရွာကို ကြဲသွားတာ၊ မုံရွာ နမခ ကနေ တက်လာတဲ့ ဂျိုင်ရိုကော်ပတာနဲ့ ၂ ကြိမ်ကြဲသွားတာ၊ ပေါင် ၁၂၀ ဗုံးတွေနဲ့ပါ။ ၁ ကြိမ်ကို ၁ လုံးစီကြဲသွားတာ၊ လာကြဲတဲ့နေရာက ဆေးပေးခန်းကိုကြဲတာ။ ဆေးပေးခန်းပေါ်ကျတယ်၊ ဆေးပေးခန်းက ဘယ်သူ့မှ မနေကြတော့ဘူးဆိုတော့ သေဆုံးမှုတော့မရှိဘူး။” လို့ မြိုင်မြို့ခံတဦးက ပြောပါတယ်။
ဒီဗုံးကြဲတိုက်ခိုက်မှုကြောင့် အိမ်ခြေ ၆၀၀ ရှိတဲ့ ဝယ်တောင်ရွာမှာ နေအိမ်တချို့ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၂ ရက်ကလည်း မြိုင်မြို့နယ်၊ ရွာသစ်ကုန်းရွာကို စစ်ကော်မရှင်တပ်က ဂျိုင်ရိုကော်ပတာပေါ်ကနေ ဗုံးကြဲခဲ့တာကြောင့် သက်ကြီးပိုင်း အမျိုးသား ၁ ဦးထိခိုက်ဒဏ်ရာရပြီး နေအိမ်တွေပျက်စီးခဲ့ပါသေးတယ်။
စစ်ကော်မရှင်တပ်ဟာ ဇန်နဝါရီပထမပတ်အတွင်း စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်းက ကျေးရွာတွေကို နေ့စဥ်နီးပါးဗုံးကြဲတိုက်ခိုက်နေတာကြောင့် ဒေသခံတွေထိခိုက်သေဆုံးလျှက်ရှိနေပါတယ်။
ပုံစာ – စစ်ကော်မရှင်တပ် ဗုံးကြဲတိုက်ခိုက်ခဲ့သည့် မြိုင်မြို့နယ်၊ ဝယ်တောင်ရွာ။
စာတည်း – လင်း