ထိုင်းမှာ မြန်မာအလုပ်သမားတွေစီးလာတဲ့ကား မှောက်ပြီးမြောင်းထဲကျလို့ ၆ ဦးသေဆုံး

0 6
0 6

မြေလတ်အသံ၊ ဒီဇင်ဘာ ၃၁၊ ၂၀၂၅။

ထိုင်းနိုင်ငံ၊ ပထုံဌာနီခရိုင်မှာ မြန်မာအလုပ်သမားတွေလိုက်ပါလာတဲ့ကား ၁ စီး တူးမြောင်းထဲထိုးကျတာကြောင့် ၆ ဦး သေဆုံးခဲ့တယ်လို့ ထိုင်းဒေသတွင်းသတင်းတွေမှာ ဖော်ပြပါတယ်။

မြန်မာအလုပ်သမား ၁၃ ဦး စီးနင်းလာတဲ့ ပစ်ကပ်ကား(Pickup Truck)ဟာ ချွန်ဘူရီခရိုင်ကနေ အလှူပွဲသွားဖို့ထွက်ခွာလာခဲ့တာဖြစ်ပြီး ဒီဇင်ဘာ ၃၀ ရက် မနေ့ည ၁၀ နာရီခန့်မှာ အခင်းဖြစ်နေရာမှာ လမ်းဘေးအတားအဆီးကို တိုက်မိပြီးနောက် တူးမြောင်းထဲကျခဲ့တာလို့ ဆိုပါတယ်။

အခင်းဖြစ်တဲ့နေရာအနီး ဒေသခံတွေက ကူညီကယ်ဆယ်ခဲ့တာကြောင့် အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၃ ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး ဒဏ်ရာရရှိသူ အမျိုးသား ၂ ဦးကိုတော့ ဆေးရုံပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုအရ ယာဉ်မောင်းဖြစ်သူဟာ လမ်းကျွမ်းကျင်မှုမရှိတာကြောင့် အကွေ့မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးအတားအဆီးကို တိုက်မိကာ ရေထဲထိုးကျခဲ့တာလို့ ဖော်ပြပါတယ်။

လက်ရှိမှာ ကားအတွင်းပိတ်မိသေဆုံးခဲ့တဲ့ အလောင်း ၃ လောင်းကို ဆယ်ယူနိုင်ခဲ့ပြီး ကျန်ရှိတဲ့ ရုပ်အလောင်း ၃ လောင်းကိုတော့ ဆက်လက်ရှာဖွေလျက်ရှိတယ်လို့ ဆိုပါတယ်။

Ref; Khaosod.
Photo – Khaosod.

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။