မွန်လုံနယ်ဝန်ကြီးဦးဆောင်ပြီး ကျပ်သိန်းရာချီငွေယူကာ တရားမဝင်ကုန်တွေ ပြည်မသို့ပို့ဆောင်နေဟုဆို

0 22
0 22

မြေလတ်အသံ၊ ဒီဇင်ဘာ ၆၊ ၂၀၂၅။

ထိုင်းနိုင်ငံက တရားမဝင်သယ်ဆောင်လာတဲ့ကုန်တွေကို မွန်ပြည်နယ်လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီးဦးဆောင်ပြီး ကျပ်သိန်းရာနဲ့ချီငွေယူကာ ပြည်မကိုပို့ဆောင်ပေးနေတယ်လို့ မွန်ပြည်နယ်လုပ်ငန်းရှင်အသိုင်းအဝိုင်းနဲ့နီးစပ်သူတဦးထံက သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလကစတင်ကာ ထိုင်းနိုင်ငံကနေ ဘုရားသုံးဆူ၊ မြဝတီနယ်စပ်မြို့တွေကတဆင့် တရားမဝင်ရောက်ရှိလာတဲ့ ပန်းသီး၊ လိမ္မော်သီးနဲ့ စပျစ်သီးတွေကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့ကို ကနဦးပို့ဆောင်ပြီး အဲ့ဒီလမ်းကြောင်းအတွက် စစ်တပ်၊ ရဲနဲ့ ပျူစောထီးလက်နက်ကိုင်ဂိတ်တွေကို ကျပ်သိန်း ၂၀ ခန့်လိုင်းကြေးပေးဆောင်ရတယ်လို့ ဆိုပါတယ်။

” ဘုရားသုံးဆူလမ်းကြောင်းကတော့ မော်လမြိုင်ကိုလိုင်းကြေးပေးပြီးတိုက်ရိုက်ဝင်ပါတယ်။ မြဝတီဘက်ကလာတဲ့သစ်သီးတွေကတော့ မြဝတီကနေ မြိုင်ကြီးငူ တောလမ်းကလာပြီး ဝါးပိုးတောကိုရောက်ပါတယ်။ ဝါးပိုးတောမှာဖောင်ကူပြီး ၁၀ ဘီး၊ ၁၂ ဘီးကားတွေပေါ်တင်ပါတယ်။ အဲ့ဒီကားတွေက သထုံကနေ မော်လမြိုင်ကို (ရဲ၊စစ်တပ်နဲ့ပျူတွေကို)လိုင်းကြေးပေးပြီးရောက်လာပါတယ်” လို့ မော်လမြိုင်လုပ်ငန်းရှင်အသိုင်းအဝိုင်းနဲ့နီးစပ်သူတဦးက မြေလတ်အသံကို ပြောပါတယ်။

မော်လမြိုင်မြို့ကို ရောက်ရှိလာတဲ့ အဲ့ဒီကုန်တွေကို မွန်ပြည်နယ်လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီးရဲ့ ကိုယ်ရေးအရာရှိ ရဲအုပ် သက်ပိုင်ဦးနဲ့ ပွဲစားတချို့က ရဲတပ်ဖွဲ့အပါအဝင် ဌာနဆိုင်ရာတွေနဲ့ညှိနှိုင်းပြီး သစ်သီးအနည်းငယ်ကိုအယောင်ပြဖမ်းဆီးမှုတွေ လုပ်ဆောင်တယ်လို့ ဆိုပါတယ်။

” အဖမ်းပြဖို့အတွက်ကြိုတင်စီစဉ်ထားရပါတယ် လုံနယ်(ဝန်ကြီး) ခွင့်ပြုချက်ရပြီးဆိုမှအဖမ်းပြရပါတယ်။ ခွင့်ပြုချက်ရပြီးဆိုရင် လုံနယ် PSO လူတွေက ဂိုထောင်ငှားရပါတယ်။ ဂိုထောင်ငှားပြီးရင်ဂိုထောင်ထဲသစ်သီးအနည်းငယ်ထည့်ပါတယ်။ သစ်သီးပိုင်ရှင်နာမည်ခံဖို့လူငှားရပါတယ်။ အားလုံးစီစဉ်ပြီးရင် ကာစတန်(အကောက်ခွန်ဌာန)နဲ့ရဲရောက်လာပြီးအဖမ်းပြတယ်။ ဒဏ်ငွေဆောင်ပြီးရင် နာမည်ခံပေးတဲ့သူကိုရဲလက်ထဲအပ်ပြီး ရဲကတရားစွဲ၊ တရားရုံတင်ပေးရတယ် တရားရုံးမှာ ထောင်မကျပဲ ဒဏ်ငွေနဲ့အမိန့်ချအောင် တရားသူကြီး၊ ဥပဒေအကြံပေးတို့ကို ပိုက်ဆံပေးရပါတယ်။ အဲ့ဒီအားလုံးကို လုံနယ် PSO အစီအစဉ်နဲ့သူ လူတွေက အကောင်အထည်ဖော်ပေးရပါတယ်” လို့ သူက ပြောပါတယ်။

သစ်သီးအနည်းငယ်ကိုသာ အကောက်ခွန်ဌာနမှာဒဏ်ငွေပေးဆောင်ပြီးနောက် သယ်ယူခွင့်(မျှော)နဲ့ ရန်ကုန်နဲ့ မန္တလေးမြို့တွေကို ဆက်လက်ပို့ဆောင်ပြီး ပို့ဆောင်ရာလမ်းတလျှောက်မှာ ဝေါမြို့နယ်၊ ညောင်ခါးရှည်စစ်ဆေးရေးဂိတ်အပါ စစ်ကော်မရှင်စစ်ဆေးရေးဂိတ်တွေအတွက် သိန်းရာနဲ့ချီလမ်းကြေးပေးဆောင်ကာ ဖြတ်သန်းရကြောင်း သိရပါတယ်။

” ဖမ်းခံချင်တိုင်းအဖမ်းခံလို့မရပါ။ လုံနယ်ခွင့်ပြုချက်ရမှ အဖမ်းခံလို့ရပါတယ်။ ဒေသခံကုန်သည်တွေအဖမ်းခံဒဏ်ငွေဆောင်ချင်လို့သွားခွင့်တောင်းလို့မရပါ။ အဖမ်းခံချင်ရင် လုံနယ် PSO ရဲ့လူတွေဖြစ်တဲ့ သက်ဆွေဦး၊ စည်သူ၊ ဖိုးကုလား၊ ကိုနိုင်တို့ကတစ်ဆင့်ဝင်ရပါတယ်။ သူတို့က ကား ၁ စီးကို သိန်း ၃၀၀ ခန့်တောင်းပါတယ်။ ၁ ပတ်ကိုအစီး ၅၀ ခန့်ထွက်အောင် လုံနယ် PSO ကစီစဉ်ပေးပါတယ်” လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ဩဂုတ်လက စတင်ကာ အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ ညွှန်ကြားချက်နဲ့ မွန်၊ ကရင်နဲ့ တနင်္သာရီဒေသတွေကနေ ဝင်ရောက်နေတဲ့ တရားမဝင်ကုန်တွေကို တင်းတင်းကြပ်ကြပ်ဖမ်းဆီးမှုတွေ လုပ်ဆောင်ခဲ့ပြီး ဩဂုတ်လအတွင်းမှာပဲ တရားမဝင်ကုန်တွေကို ပို့ဆောင်ရာမှာ လာဘ်ငွေယူခဲ့တယ်ဆိုကာ မော်လမြိုင်အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးအပါ ဌာနဆိုင်ရာဝန်ထမ်း ၁၅ ဦးထက်မနည်း ဖမ်းဆီးစစ်ဆေးခံခဲ့ရပါတယ်။

အဲ့ဒီနောက် တရားမဝင်ကုန်ပစ္စည်းတွေ အကောက်ခွန်နှုန်းအနည်းငယ်နဲ့ တရားဝင်အဖြစ်ပို့ဆောင်နိုင်ရေး မွန်ပြည်နယ်လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး ဦးဆောင်ပြီး အခုလိုပို့ဆောင်နေတာလို့ သိရပါတယ်။

အဲ့ဒီအခြေအနေတွေနဲ့ပတ်သက်ပြီးသိရှိနိုင်ရေး မွန်ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာနအဖွဲ့ဝင်တဦးကို မြေလတ်အသံက ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းတို့အနေနဲ့ လုပ်ဆောင်နေတာမရှိကြောင်းနဲ့ ကာစတန်(အကောက်ခွန်ဌာန)ကိုသာဆက်လက်မေးမြန်းဖို့ တုံ့ပြန်ပြောဆိုပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။