myaelatt athan

Sharing Information to the Local

ကြို့ပင်ကောက်မှာ စိုက်ပျိုးစရိတ်ချေးငွေကို ခြိမ်းခြောက်တောင်းနေ

ကြို့ပင်ကောက်၊ မတ် ၂၁၊ ၂၀၂၃။

ပဲခူးတိုင်း(အနောက်ခြမ်း)၊ ကြို့ပင်ကောက်မြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က လယ်သမားတွေဆီကနေ စိုက်ပျိုးစရိတ်ချေးငွေတွေကို ခြိမ်းခြောက်တောင်းခံနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

NLD အစိုးရလက်ထက်က စိုက်ပျိုးစရိတ်အတွက် လယ် ၁၀ ဧကနဲ့ အောက် လုပ်ကိုင်တဲ့လယ်သမားတွေကို တဧက ကျပ် ၁ သိန်းခွဲနှုန်းနဲ့ ထုတ်ချေးထားတာတွေဖြစ်တယ်လို့ သိရပါတယ်။

“ပထမစိုက်ဘဏ်က စာပို့တယ်။ တောင်သူတွေက မဆပ်နိုင်တော့ အခုရွာအထိ လိုက်လာတယ်။ စစ်သား၊ ရဲနဲ့ ထွေအုပ်ဝန်ထမ်းတွေ ပါတယ်။ အုပ်စုလိုက် လာပြီးတောင်းတယ်။ မဆပ်နိုင်ရင် လူကိုဖမ်းမယ်ဆိုပြီး ခြိမ်းခြောက်သွားတယ်” လို့ ဒေသခံလယ်သမားတဦးက ပြောပါတယ်။

ဒါ့အပြင် ကျေးရွာအချို့မှာ အုပ်ချုပ်ရေးမှူးနဲ့ ရပ်ကျေးစိုက်ဘဏ် အတွင်းရေးမှူးတွေကလည်း လယ်သမားတွေကို ခြိမ်းခြောက်တောင်းခံတာတွေရှိတယ်လို့ သူကဆက်ပြောပါတယ်။

ဒေသခံလယ်သမားတို့လက်ဝယ်မှာ မိုးစပါးလက်ကျန်မရှိတော့တဲ့အပြင် စပါးစိုက်ပျိုးချိန်က သွင်းအားစုစရိတ်တွေ ကြီးမြင့်တာကြောင့်လည်း အများစုဟာ အကျိုးအမြတ်ရရှိမှု နည်းပါးတယ်လို့လည်း သိရပါတယ်။

ကြို့ပင်ကောက်မြို့နယ် ပအဖအဖွဲ့ဝင်တဦးကတော့ “အာဏာရှင်လက်အောက်ကို ရောက်နေတဲ့အချိန်မှာ တောင်သူလယ်သမားတွေ လက်ထဲကနေပြီးတော့ စိုက်ပျိုးစရိတ်ချေးငွေတွေကို ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ အကြပ်ကိုင် ဖိအားပေးတောင်းခံပြီး ပြည်သူ့ဘဏ္ဍာငွေတွေနဲ့ ပြည်သူလူထုကို နှိပ်ကွပ်မယ့် ပြည်သူကို သေနတ်ပြောင်းပြန်လှည့်မယ့် ကျည်ဆံဖိုးနဲ့အခြားသောဒုက္ခပေးမယ့် အရာတွေလုပ်နေတဲ့အတွက်လည်း အခုလိုတောင်းခံမှုအပေါ် ကန့်ကွက်ရှုံ့ချတယ်” လို့ ပြောပါတယ်။

ကြို့ပင်ကောက်မြို့နယ်မှာ နှစ်စဥ် မိုးစပါးစိုက်ဧက ၇ သောင်းကျော်ရှိရာ တောင်သူတဦး ပြန်ဆပ်ရမယ့်ငွေပမာဏမှာ အနည်ဆုံး ကျပ် ၂ သိန်းကနေ ကျပ်သိန်း ၂၀ အထိ ဖြစ်တယ်လို့ သိရပါတယ်။

စာတည်း – 007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။