myaelatt athan

Sharing Information to the Local

စစ်ကိုင်းမြို့ပေါ် တိုက်ပွဲဖြစ်ပြီး ကိုရင်တပါး ဒဏ်ရာရ

0 53
0 53

စစ်ကိုင်း၊ ဩဂုတ် ၁၈၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့အနောက်ဘက်ခြမ်း လင်ဇင်းရပ်ကွက်နားရှိ ငါးထပ်ကြီးဘုရားနဲ့ ဘုရားဖြူ ဘုရားမှာ တိုက်ပွဲဖြစ်ပြီး ကိုရင် ၁ ပါး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံပရဟိတအဖွဲ့တွေဆီက သိရပါတယ်။

သြဂုတ် ၁၇ ရက် မနေ့ည ၈ နာရီခန့်မှာ အင်အား ၂၀ ကျော်နဲ့ ငါးထပ်ကြီးဘုရားမှာတပ်စွဲထားတဲ့ စစ်ကောင်စီအဖွဲ့နဲ့ ဘုရားဖြူဘုရားမှာတပ်စွဲထားတဲ့ စစ်ကောင်စီအဖွဲ့ကို တော်လှန်ရေးတပ်တွေဘက်က လာရောက်တိုက်ခိုက်ရာက တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

“ငါးထပ်ကြီးဘုရားတောင်ဘက်က မဟာခိုနန်းကျောင်း။ စစ်တပ်က ငါးထပ်ကြီးထဲမှာ စွဲထားတာကိုလာပစ်တာ။ ငါးထပ်ကြီးဘုရားနဲ့ ခိုနန်းက လမ်းပဲခြားတယ်။ ကိုရင် ၁ ပါးထိတာ ကြားတယ်”လို့ ဒေသခံ ပရဟိတအသင်းဝင်တဦးက ပြောပါတယ်။

တိုက်ပွဲအတွင်း နှစ်ဖက်ပစ်ခတ်မှုတွေကြောင့် မဟာခိုနန်းကျောင်းတိုက်က အသက် ၁၇ နှစ်အရွယ် ကိုရင် ၁ ပါး ကျည်ရှပ်ထိဒဏ်ရာရခဲ့ပြီး စစ်ကိုင်းပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။

“စစ်တပ်ကငါးထပ်ကြီးမှာ တပ် ၁ ခု ဘုရားဖြူဘုရားမှာ တပ် ၁ ခုရှိနေပါတယ်။ အခုက အဲဒီ ၂ တပ်ကို အပြင်ကလာပစ်လို့ ဖြစ်တယ်လို့ပဲသိရတာ။ အပြင်ထွက်မကြည့်ရဲတော့ သေချာတိတိကျကျ မသိရပါဘူး။ ကိုရင်က အပေါ်ယံလေး ဗုံးစ ရှပ်ထိတာပါ။ ဘာမှမပြောပလောက်ဘူး”လို့ မဟာခိုနန်းကျောင်းနဲ့ နီစပ်သူတဦးက ပြောပါတယ်။

တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးအခြေနေကိုမသိရသေးဘဲ တိုက်ပွဲဖြစ်ပွားချိန်မှာ စစ်ကိုင်းမြို့ထဲက စစ်ကောင်စီတပ်တွေကလည်း တိုက်ပွဲဖြစ်တဲ့နေရာကို စစ်ကားတွေနဲ့ စစ်အင်အားဖြည့်တင်းတာတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲနဲ့ပတ်သက်ပြီး လာရောက်တိုက်ခိုက်ခဲ့တဲ့ အဖွဲ့တွေဘက်ကတော့ သတင်းတစုံတရာ ထုတ်ပြန်တာမရှိသေးပါဘူး။

ဩဂုတ် ၁၈ ရက် ဒီမနက်မှာလည်း စစ်ကိုင်းမြို့ထဲမှာ စစ်ကောင်စီဘက်က လုံခြုံရေးတင်းကျပ်ထားတာမျိုးမရှိဘဲ ပုံမှန်စစ်ဆေးရေးဂိတ်တွေမှာ စစ်ဆေးနေတာတွေတော့ရှိတယ်လို့ သိရပါတယ်။

စစ်ကိုင်းမြို့ပေါ်မှာ မိုင်းထောင်ဖောက်ခွဲတာ၊ စစ်ကောင်စီတပ်နဲ့ပတ်သက်သူတွေကို လာရောက် ပစ်ခတ်တာမျိုးတွေရှိပေမယ့် ယခုလိုတိုက်ပွဲဖြစ်တာကတော့ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။