myaelatt athan

Sharing Information to the Local

ဆိုင်းဝိုင်းနားထောင်ပြီး ပြန်လာတဲ့ အမျိုးသားတဦးကို စစ်အုပ်စုက သေနတ်နဲ့ပစ်သတ်

0 4
0 4

ကြို့ပင်ကောက်၊ ဖေဖော်ဝါရီ ၂၂၊ ၂၀၂၃။

ပဲခူးတိုင်းအနောက်ခြမ်း၊ ကြို့ပင်ကောက်မြို့နယ်၊ နွယ်ခွေရပ်ကွက်၊ ဗားခရာဘုန်းကြီးကျောင်း ဘုရားထီးတင်ဆိုင်းပွဲက ပြန်လာတဲ့ အမျိုးသားတဦးကို ဖေဖေါ်ဝါရီလ ၂၀ ရက် မနက်အစောပိုင်းမှာ စစ်ကောင်စီ တပ်သားတွေက သေနတ်နဲ့ ပစ်သတ်လိုက်တယ်လို့ သိရပါတယ်။

ကြို့ပင်ကောက်မြို့နယ်၊ လက်ပံပင်စုအုပ်စု၊ သာစည်ရွာက အုတ်ဖုတ်လုပ်ငန်း လုပ်ကိုင်သူ အသက် ၅၀ နှစ်အရွယ် ဦးသန်းဦးဆိုသူဟာ သူ့ရွာနားက မိုင်တဲတာဝါတိုင်အနီးမှာ ပစ်သတ်ခံခဲ့ရတာလို့ ဒေသခံတဦးက ပြောပါတယ်။

“ဦးသန်းဦးတို့ လင်မယားက ဗားခရာဘုန်းတော်ကြီးကျောင်း ဘုရားထီးတင်ပွဲမှာ ဆိုင်းပွဲကြည့်တာ။ ဦးသန်းဦးက သူရဲ့မိန်းမကို ထားခဲ့ပြီး တယောက်တည်း အုတ်ဖုတ်တဲကို အပြန် ည ၁၂ နာရီခွဲလောက်မှာ စစ်သားတွေက သေနတ်နဲ့ ပစ်သတ်သွားတာ” လို့ ဒေသခံတဦးက ပြောပါတယ်။

ပစ်သတ်ခံရပြီး မနက် ၆ နာရီလောက်မှာတော့ အလောင်းကို စစ်ကောင်စီတပ်သားတွေက ပြည်မြို့ကုတင် ၁၀၀ ဆေးရုံကို သယ်ယူသွားတယ်လို့ သူကဆက်ပြောပါတယ်။။

ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်မှာတော့ အဲဒီအမျိုးသားဟာ ဖေဖေါ်ဝါရီလ ၂၀ ရက် နေ့လယ်၂ နာရီလောက်က သာစည်ရွာ မိုင်တဲတာဝါတိုင်ကို မိုင်းထောင် ဖောက်ခွဲဖို့လာတဲ့ PDF တဦးဖြစ်တဲ့အတွတ် စစ်တပ်က ပစ်သတ်လိုက်တယ်လို့ ဖေဖေါ်ဝါရီလ ၂၁ ရက်မနေ့က ဖော်ပြထားပါတယ်။

ပဲခူးတိုင်းအနောက်ခြမ်းမှာ စစ်အုပ်စုက ဒေသခံပြည်သူတွေကို အခုလို စည်းကမ်းမဲ့သတ်ဖြတ်တဲ့ ဖြစ်စဥ်တွေ မကြာခဏဆိုသလို ရှိလာပြီး မြေလတ်အသံက စုစည်းထားတဲ့စာရင်းအရ အကြောင်းမဲ့ ပစ်သတ်ခံရမှု ၄ ကြိမ် ဖြစ်ပွားခဲ့ကာ အရပ်သား ၅ ဦး သေဆုံးခဲ့ပါတယ်။

ဇန်နဝါရီလ ၁၄ ရက်နေ့လယ် ၂ နာရီလောက်က နတ်တလင်းမြို့နယ်၊ တာပွန်မြို့အဝင် စစ်ဆေးရေးဂိတ်မှာ နတ်တလင်းမြို့နယ်၊ လှပခြင်းအုပ်စု၊ သရက်ကုန်းရွာက အသက် ၂၃ နှစ်အရွယ် ဒုတိယနှစ်ကျောင်းသား မောင်ဝင်းဇော်ထွဠ်ကို ဆိုင်ကယ်ရပ်မပေးလို့ဆိုကာ သေနတ်နဲ့ ပစ်သတ်ခဲ့ပါတယ်။

အဲဒီနေ့ညနေမှာပဲ ဇီးကုန်းမြို့နယ်၊ လေးမျက်နာရဲစခန်းက ရဲတွေက ဆိုင်ကယ်ရပ်မပေးလို့ဆိုပြီး ကြို့ပင်ကောက်မြို့နယ်၊ စမ်းအိုင်ရွာက ကြံ့ခိုင်ရေးအမာခံ ရေခဲချောင်းရောင်းသူ အသက် ၄၅ နှစ်အရွယ် ဦးတင်မောင်ဆွေ(ခ)ဗိုက်ကြီးကိုလည်း စစ်သားတွေက သေနတ်နဲ့ပစ်သတ်ခဲ့ပါသေးတယ်။

ဒါ့အပြင် အောက်တိုဘာလ ၂၈ ရက်မှာလည်း ပေါင်းတည်မြို့နယ်၊ နွားခြံကုန်းရွာသား တက္ကသိုလ်ကျောင်းသား အသက် ၂၀ ကျော်အရွယ် ကိုဝေဖြိုးအောင်နဲ့ ကိုသန်းဇာ်ဦးတို့ ၂ ဦး ရွာကိုပြန်လာချိန်မှာ အရက်မှုးနေတဲ့ စစ်သား ၂ ဦးက အကြောင်းမဲ့ပစ်သတ်ကာ လက်စွပ် ၁ ကွင်းနဲ့ ဆွဲကြိုး ၁ ကုံးကို ယူဆောင်သွားခဲ့ပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။