၆ လအတွင်းပေါက်နဲ့ မြိုင်မှာ အကြိမ်ရေ ၂၀၀ နီးပါးဗုံးကြဲခံရပြီး ဒေသခံ ၂၀ ကျော်သေဆုံး
မကွေး၊ အောက်တိုဘာ ၉၊ ၂၀၂၅။
မကွေးတိုင်း၊ ပေါက်မြို့နယ်မြောက်ပိုင်းရှိ သပြေညိုရေနံမှော်ကို စစ်ကော်မရှင်တပ်က ဗုံးကြဲတိုက်ခိုက်တာကြောင့် အလုပ်သမားလင်မယား ၂ ဦးသေဆုံးပြီး ကလေးဖြစ်သူဒဏ်ရာရခဲ့တယ်လို့ ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။
အောက်တိုဘာ ၈ ရက်မနက် ၁၀ နာရီဝန်းကျင်မှာ ဂျိုင်ရိုကော်ပတာ ၃ စီးနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ရေနံမှော်ရှိ ရေနံလုပ်သားတွေရဲ့ ယာယီနေအိမ်တွေပေါ်ကျရောက်ပေါက်ကွဲပြီး အသက် ၃၀ အရွယ် ရေနံလုပ်သား လင်မယား ၂ ဦးသေဆုံးပြီး ၇ နှစ်အရွယ်ကလေး ၁ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

“ရေနံမှော်ဆိုတော့ အလုပ်သမားတွေက နေအိမ်ပုံစံမျိုးနဲ့ အဆောက်အအုံတွေဆောက်နေတာမျိုးတွေ ရှိတယ်။ အဲ့လိုနားကိုကျသွားတာ။ နေအိမ်ပဲဆိုပါတော့ အဲ့အိမ်မှာ မိသားစု ၃ ယောက်ရှိတယ်။ အမျိုးသားနဲ့ အမျိုးသမီး တောက်လျောက်ဆုံးတယ်၊ ကလေးလေးကထိခိုက်မှုရှိတယ် အသက်ရှင်နိုင်ပါ့မယ်လို့မသိရဘူး၊ ထိခိုက်ပြင်းထန်တယ်” လို့ ပေါက်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောပါတယ်။
ဒါ့အပြင် ပေါက်မြို့နယ်နဲ့ မြိုင်မြို့နယ်အတွင်းကို စစ်ကော်မရှင်တပ်က လေကြောင်းကနေ မကြာခဏဗုံးကြဲတိုက်ခိုက်နေပြီး မေလကနေ အောက်တိုဘာ ၉ ရက်အတွင်း အဲ့ဒီမြို့နယ်တွေထဲကို အကြိမ်ရေ ၂၀၀ နီးပါးကြဲခံရပြီး ဒေသခံ ၂၀ ကျော်လည်းသေဆုံးခဲ့တယ်လို့ ပေါက်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ စုစည်းထားတဲ့စာရင်းကိုးကားပြီး အထက်ပါတာဝန်ရှိသူက ပြောပါတယ်။


အောက်တိုဘာ ၉ ရက်ဒီမနက်ပိုင်းမှာလည်း ပေါက်နဲ့ မြိုင်အစပ်တနေရာကို ဗုံးကြဲတိုက်ခိုက်ခဲ့သေးတယ်လို့ သိရပြီး ဒီအခြေအနေကိုတော့ မြေလတ်အသံကဆက်လက်စုံစမ်းနေပါတယ်။
ဗုံးကြဲရာမှာ Y12၊ Y8၊ ပါရာမော်တာအပြင် အခုနောက်ပိုင်း ဂျိုင်ရိုကော်ပတာတွေကိုပါ အသုံးပြုလာကာ လေကြောင်းအပြင် မြေပြင်ကနေလည်းစစ်ကြောင်းထိုးတာတွေရှိတဲ့အတွက် ဒေသခံတွေလည်း စိုးရိမ်မှုမြင့်တက်နေတယ်လို့ ဆိုပါတယ်။
“မြေပြင်စစ်ကြောင်းကလဲ ၅ လပိုင်းကတည်း ပေါက်နယ်အတွင်းမှာရှိနေတာ အခုချိန်ထိပဲဆိုပါတော့။ တနေရာမဟုတ် တနေရာမှာစစ်ကြောင်းလုပ်နေလို့ ပြည်သူရှောင်တိမ်းနေရတာမျိုးတွေရှိတယ်။ ဒုက္ခရောက်နေတာမျိုးတွေရှိတယ် စိုးရိမ်မှုအမျိုးမျိုးနဲ့ပေါ့ ပြည်သူကတော့”လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက်မှာလည်း မြိုင်မြို့နယ်၊ ကျောက်ခွက်ရေနံမှော်အနီးကို ပါရာမှော်တာ ၂ စီး နဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသား ၃ ဦးသေဆုံးခဲ့ပါသေးတယ်။
၂၀၂၁၊ စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၅၊ အောက်တိုဘာ ၈ ရက်အထိ စစ်ကော်မရှင်တပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေကြောင့် သေဆုံးခဲ့ရတဲ့ပြည်သူစုစုပေါင်း ၇,၃၃၉ ဦးရှိပြီလို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း – AAPP က ထုတ်ပြန်ပါတယ်။
စာတည်း – လင်း