မြေလတ်အသံ၊ အောက်တိုဘာ ၁၀၊ ၂၀၂၅။
မိုးရွာသွန်းခဲ့မှုကြောင့် စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ နမီးချောင်းရေမြင့်တက်ခဲ့ရာ ပေ ၃၀၀ အရှည်ရှိတဲ့ သစ်သား တံတား ၂ စင်း ရေထဲမျှောပါသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဆိုပါတံတား ၂ စင်းဟာ နမီးချောင်းကို ဖြတ်ထိုးထားတဲ့ ကွင်းငို့ရွာတံတားနဲ့ ၄ မိုင်အကွာရှိ လေဘိုရွာတံတားတို့ ဖြစ်ကြပြီး အောက်တိုဘာ ၈ ရက်မှာ တံတားကိုယ်ထည်တခုလုံးဟာရေထဲမျှောပါသွားခဲ့တာလို့ဆိုပါတယ်။

“အင်းတော်တနယ်လုံးမိုးများတယ်။ နမီးချောင်းဖျားမှာ မိုးများတော့ရေတိုးပြီးဆင်းလာတယ်။ အမှိုက်တွေ၊ ဒိုက်တွေ ညိပြီးရေစောင့်လို့ပါသွားတာပါ။ ကွင်းငို့တံတားက ဒုတိယပါတာ။ လေဘိုတံတားက ပထမပါတာ” လို့ အင်းတော်ဒေသခံအမျိုးသားတဦးက ပြောပါတယ်။
အဆိုပါတံတား ၂ စင်းဟာ ကျေးရွာချင်းဆက်လမ်းမပေါ်မှာတည်ရှိတာကြောင့် ကုန်းခါး၊ နောင်ကွတ်ညောင်ပင်ဆိပ်၊ လေဘို၊ နမီး၊ ကွင်းငို့၊ နားဖာ၊ နားမကြိုင်း၊ ငေါ်တုန်းစီစတဲ့ ကျေးရွာတွေအတွက် တရွာနဲ့တရွာစျေးရောင်းဝယ်ရေးနဲ့ သွားလာရေးအခက်အခဲ ဖြစ်နေကြတယ်လို့ အထက် ပါအမျိုးသားက ဆိုပါတယ်။

လက်ရှိမှာ ဒေသခံတွေအနေနဲ့ တရွာနဲ့တရွာသွားလာမှုပြုလုပ်ဖို့ လှေတွေမရှိတာကြောင့် နမီးချောင်းကိုရေကူးပြီး သွားလာနေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။
အောက်တိုဘာ ၉ ရက်မနက်ပိုင်းကစတင်ပြီး အောက်တိုဘာ ၁၀ ရက်ဒီကနေ့အထိ မိုးရွာ သွန်မှုရပ်တန့်သွားခဲ့တာကြောင့် ရေထဲမျှောပါသွားတဲ့ အထက်ပါတံတား ၂ စင်းကို ဒေသခံကျေးရွာသားတွေကဆယ်ယူနေကြပြီး ပြန်လည်ပြင်ဆင်တာတော့မရှိသေးဘူးလို့ သူကဆိုပါတယ်။
ကွင်းငို့တံတားဟာ ပြီးခဲ့တဲ့ ၂၀၁၈ ရေကြီးမှုမှာ ၁ ကြိမ်ပျက်စီးခဲ့တာကြောင် NLD အစိုးရက ချပေးတဲ့ ဒေသဖွံ့ဖြိုးရေးရံပုံငွေနဲ့ ရွာသားတွေဆီကထည့်ဝင်တဲ့အလှူငွေတွေပေါင်းကာ တံတားတိုင်ကို အုတ်တိုင်လုပ်ပြီး ပြန်လည်ဆောက်လုပ်ထားခဲ့တာလို့ ဒေသခံတွေဆီက သိရပါတယ်။
စာတည်း – လင်း