ကလေး၊ ဇွန် ၂၄၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းက စစ်ဘေးရှောင်စခန်းတခုကို လက်နှိပ်ရေတွင်း ၂ တွင်းတူးပေးခဲ့တယ်လို့ Lighthouse-စစ်ဘေးရှောင်ကူညီထောက်ပံ့ရေး ဆီကသိရပါတယ်။
ကလေးမြို့နယ်တောင်ပိုင်းက စစ်ရှောင်စခန်းတခုမှာ သောက်ရေသုံးရေ ရှားပါးနေပြီး မသန့်ရှင်းတဲ့ ချောင်းရေနဲ့မြောင်းရေကို အသုံးပြုနေရတဲ့အတွက် လက်နှိပ်ရေတွင်းကို လှူဒါန်းခဲ့တာလို့ ဆိုပါတယ်။
အဆိုပါ လက်နှိပ်ရေတွင်း ၂ တွင်းကို ဇွန် ၁၀ ရက်ကနေ ဇွန် ၁၇ ရက်နေ့အထိ တူးဖော်ခဲ့ပြီး ကျပ်ငွေ စုစုပေါင်း ၁၅ သိန်းခန့်ကုန်ကျခဲ့တယ်လို့ Lighthouse-စစ်ဘေးရှောင်ကူညီထောက်ပံ့ရေး တာဝန်ခံ ကိုသူရိန် ကပြောပါတယ်။
ကလေးမြို့နယ်တောင်ပိုင်းမှာ စစ်ဘေးရှောင် ၁၀,၀၀၀ ကျော်ခန့်ရှိပြီး အဲဒီအထဲက စစ်ဘေးရှောင်တချို့ဟာ စစ်ကောင်စီတပ်က ကျေးရွာတွေကိုစစ်ကြောင်းထိုးတာတွေကြောင့် ၂၀၂၁ ခုနှစ်ထဲက ထွက်ပြေးတိမ်းရှောင်လာသူတွေဖြစ်တယ်လို့လည်း သိရပါတယ်။
အဆိုပါစစ်ရှောင်တွေမှာ မသန့်ရှင်းတဲ့ရေတွေကို အသုံးပြုနေရတာကြောင့် စစ်ရှောင် ၁,၀၀၀ ခန့်ဟာ ယားနာရောဂါတွေဖြစ်ပွားနေပြီး ဆေးဝါးလိုအပ်နေတယ်လို့လည်း ဆိုပါတယ်။
တည်းဖြတ် – HP