စလင်း၊ ဇူလိုင် ၃၀၊ ၂၀၂၅။
မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ တညောင်တိုက်နယ် ရဲစခန်းမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဝင်ရောက်တိုက်ခိုက်ပြီး သိမ်းပိုက်ခဲ့တယ်လို့ စလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။
စစ်ကောင်စီတပ်နဲ့ရဲ စုစုပေါင်းအင်အား ၃၀ ဝန်းကျင်ရှိတဲ့ အဲ့ဒီစခန်းကို ဇူလိုင် ၃၀ ရက် မနက် ၄ နာရီ ၅၀ မိနစ်ဝန်းကျင်ကနေ ၃ နာရီကြာတိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဘက်က ၈ ဦးသေဆုံးပြီး ၂ ဦးအရှင်ဖမ်းမိကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
“ကျနော်တို့ အရင်ဆုံးစခန်းအနားကို ပစ်တက်တွေတက်ပြီးမှလုပ်ရင်းကနေ စခန်းထဲကို ၅ နာရီ ၃ မိနစ်မှာ ဝင်နိုင်တယ်၊ ဝင်ပြီး ဖြေးဖြေးချင်း ဘန်ကာတွေ ၁ ခုချင်း ၁ ခုချင်းကို တိုက်ခိုက်ချေမှုန်းပြီး ဖျက်ဆီးပြီးတော့ စခန်း ၁ ခုလုံးရရေးကို တိုက်ခိုက်သိမ်းပိုက်လိုက်တယ်၊” လို့ စလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံ M4 ကပြောပါတယ်။
တိုက်ပွဲကြာချိန် ၃ နာရီဝန်းကျင်ကြာခဲ့ပြီး မနက် ၈ နာရီ မိနစ် ၂၀ လောက်မှာ စခန်းကိုသိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွဲပြီးနောက်မှာလည်း စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
“စခန်းကို ဝင်ရောက်တိုက်ခိုက်တာမှာ အခက်အခဲတွေ အများကြီးတော့ရှိတယ်၊ စခန်းရဲ့ပတ်ချာလည်မှာ ပြည်သူနေအိမ်တွေ အများကြီးရှိတယ်၊ သေချာပေါက်က စခန်းသိမ်းရင် အဆိုးဆုံး ဘက်ကတော့ လေကြောင်းလာရောက်ပစ်ခတ်မယ့် အရာကို ကျနော်တို့ ထည့်တွက်ထားတာရှိတယ်၊ ကျနော်တို့ စခန်းကိုရပြီးတဲ့အချိန်မှာ လေကြောင်းက ၃ ကြိမ်လာပြီးကြဲတယ်၊” လို့ တာဝန်ခံ M4 က ပြောပါတယ်။
တိုက်ခိုက်ချိန်အတွင်း ပြည်သူတွေထိခိုက်မှုမရှိအောင်လုပ်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ဗုံးကြဲချိန်မှာတော့ ရဲစခန်းအနီးရှိနေအိမ်က ကလေးငယ် ၁ ဦးသေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ခိုက်မှုအတွင်း အလောင်း ၈ လောင်းမျက်မြင်တွေ့ခဲ့ရပြီး ၂ ဦးကိုဖမ်းဆီးကာ G 3 ၅ လက်၊ MA 13 ၁ လက်၊ 9 မမ ကျည် ၂၀၀ ကျော်၊ G3 ကျည် ၃,၀၀၀ ကျော်တို့ကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသွားတဲ့ အထဲမှာတော့ ဒုရဲအုပ်တွေနဲ့ လက်ရှိယာယီစခန်းမှူးတာဝန်ယူထားတဲ့သူလည်း ပါဝင်ပြီး
ဖမ်းဆီးရမိတဲ့ ရဲ ၂ ဦးကိုတော့ စစ်ဘက်ဆိုင်ရာဥပဒေအရ လူအခွင့်အရေးနဲ့အညီ ထိန်းသိမ်းစောင့် လျှောက်ထားတယ်လို့ သူက ဆက်ပြောပါတယ်။
ဒါ့အပြင် ကျန်တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတော့ ထွက်ပြေးသွားကြတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ကပစ ၂၁ က စစ်ကောင်စီတပ်တွေက အင်အားအလုံးအရင်းနဲ့ တညောင်တိုက်နယ် ရဲစခန်းကိုဦးတည်ကာ စစ်ကြောင်းထိုးလာနေပြီး ကာကွယ်ရေးတပ်တွေဘက်ကလည်း လက်နက်နဲ့ မိုင်းတွေဖြည့်တင်းထားတယ်လို့ သိရပါတယ်။
စာတည်း – လင်း၊ တည်းဖြတ် – M