ဝက်လက်၊ ဇူလိုင် ၈၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်းရှိ ကျေးရွာ ၂ ရွာကပြည်သူတွေကို အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၊ ကျန်းမာရေးဝန်ကြီးဌာန(ရွှေဘိုခရိုင်)က အခမဲ့ဆေးကုသပေးခဲ့တယ်လို့ ရွှေဘိုခရိုင်အမှတ်-၁၅တပ်ရင်း သိရပါတယ်။
အဆိုပါကျေးရွာ ၂ ရွာကပြည်သူတွေကို ဇွန် ၃၀ ရက်နေ့နဲ့ ဇူလိုင် ၇ ရက်နေ့တွေမှာ သွားရောက်ကုသပေးခဲ့တာဖြစ်ပြီး ရွှေဘိုခရိုင်အမှတ်-၁၅တပ်ရင်းကလုံခြုံရေးယူပေးခဲ့တာလို့ ဆိုပါတယ်။
ဆေးကုသရာမှာ ကျေးရွာ ၂ ရွာက သက်ကြီးရွယ်အိုတွေအပါအဝင်၊ သွေးတိုး၊ဖျားနာ၊ TB ရောဂါဖြစ်ပွားနေသူ ပြည်သူ ၅၀၀ ခန့်ကို အခမဲ့ကုသပေးနိုင်ခဲ့ပြီးကျန်းမာရေးစစ်ဆေးမှုတွေလည်းပြုလုပ်ပေးခဲ့တယ်လို့ လုံခြုံရေးလိုက်ပါဆောင်ရွက်ရာမှာပါဝင်ခဲ့တဲ့ ရွှေဘိုခရိုင်အမှတ်-၁၅တပ်ရင်းရဲ့တပ်ရင်းမှူးဗိုလ်ကောက်ရိုးက ပြောပါတယ်။
ဒါ့အပြင်ကျေးရွာနေပြည်သူတွေကို ကျန်းမာရေးပညာပေးဟောပြောတာတွေလည်းပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ရွှေဘိုခရိုင်တပ်ရင်း ၁၅ အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၊ကျန်းမာရေးဝန်ကြီးဌာန(ရွှေဘိုခရိုင်) နဲ့ပူးပေါင်းကာ ဝက်လက်မြို့နယ်အတွင်းလက်လှမ်းမှီတဲ့ကျေးရွာတွေကို ဆက်လက်ပြီး အခမဲ့ကွင်းဆင်းဆေးကုသပေးသွားမယ်လို့လည်း ဆိုပါတယ်။
တည်းဖြတ် – HP