မြေလတ်အသံ၊ ဒီဇင်ဘာ ၁၂၊ ၂၀၂၅။
လာမယ့် ဒီဇင်ဘာ ၂၈ ရက်မှာပြုလုပ်မယ့် ရွေးကောက်ပွဲမဲစာရင်းဟာ ရာနှုန်းပြည့်မမှန်ကန်နိုင်ဘူးလို့ စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။
ရန်ကုန်တိုင်းမှာရောက်ရှိနေတဲ့ စစ်ကော်မရှင်ဥက္ကဌ ဟာ ဒီဇင်ဘာ ၁၁ ရက် ယမန်နေ့က ၎င်းရဲ့လက်အောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့အဖွဲ့ဝင်တွေကို တွေဆုံစဉ် အခုလိုထည့်သွင်းပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။
စစ်ခေါင်းဆောင်က ” မိမိတို့အနေဖြင့် ရွေးကောက်ပွဲမှာ မဲစာရင်းများမှားယွင်းမှုများကြောင့် တာဝန်ယူခဲ့ရတဲ့အစိုးရဖြစ်တဲ့အတွက် မိမိတို့ကျင်းပတဲ့ရွေးကောက်ပွဲဟာ မဲစာရင်းမှားယွင်းမှုမရှိရန်လိုကြောင်း၊ ရာနှုန်းပြည့်မှန်ကန်နိုင်မှာ မဟုတ်သော်လည်း အတတ်နိုင်ဆုံးမှန်ကန်အောင်ဆောင်ရွက်သွားရမှာဖြစ်ကြောင်း ” ဆိုကာ ပြောပါတယ်။
ရွေးကောက်ပွဲအတွက်မဲစာရင်းတွေ စတင်ထုတ်ပြန်တဲ့ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းက နေပြည်တော်ကောင်စီနယ်မြေအတွင်းရပ်ကွက်အလိုက်မဲစာရင်းတွေမှာ ရာနဲ့ချီတဲ့မဲစာရင်းမှားယွင်းမှုတွေ တွေ့ရှိခဲ့တယ်လို့ လာမယ့်ရွေးကောက်ပွဲမှာ ကြံ့ဖွံ့ပါတီကနေ ရွေးကောက်ပွဲဝင်မယ့် ဘူးလက်လှဆွေက သူ့ရဲ့လူမှုကွန်ယက်ကတဆင့် ပြောဆိုဝေဖန်ခဲ့ပါတယ်။
ဒါ့အပြင် စစ်ခေါင်းဆောင်က မဲစာရင်းမှာပါဝင်သူတွေ မဲပေးခွင့်မဆုံးရှုံးစေရေး ဆောင်ရွက်မှာဖြစ်ပြီး ဆန္ဒမဲပေးခြင်း၊ မပေးခြင်းဟာ မဲဆန္ဒရှင်တွေရဲ့ဆန္ဒသာဖြစ်တယ်လို့ ဆိုပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ မဲစာရင်းတွေမှားယွင်းတယ်ဆိုကာ စစ်ကော်မရှင်တပ်က ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှာ အရပ်သားအစိုးရခေါင်းဆောင်တွေကိုဖမ်းဆီးအာဏာသိမ်းခဲ့တာဖြစ်ပြီး ၅ နှစ်နီးပါးအကြာမှာ ၎င်းတို့စစ်ကော်မရှင်က ဦးဆောင်ပြီးရွေးကောက်ပွဲပြန်လည်လုပ်ဆောင်ချိန်မှာ မဲစာရင်းက ရာနှုန်းပြည့် မမှန်နိုင်ကြောင်း ပြောဆိုလာတာပါ။
စစ်ကော်မရှင်ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ အတုအယောင်လှည့်ကွက်သာဖြစ်ပြီး အဲ့ဒီရွေးကောက်ပွဲကို ပြည်သူတွေအနေနဲ့ မပါဝင်ဘဲ ဆန့်ကျင်ကြဖို့ မြေပြင်တော်လှန်ရေးတပ်ဖွဲ့တွေ၊ သပိတ်အင်အားစုတွေအပါအဝင် စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ ပါဝင်နေကြသူတွေက တိုက်တွန်းနှိုးဆော်ထားကြပါတယ်။
စစ်ကော်မရှင်ရဲ့လာမယ့်ရွေးကောက်ပွဲအတွက် ပြည်ပရောက်မြန်မာတွေ ကြိုတင်မဲပေးနိုင်ဖို့ နိုဝင်ဘာလနောက်ဆုံးပတ်နဲ့ အခုလဆန်းပိုင်းတွေမှာ သက်ဆိုင်ရာသံရုံးတွေက မဲရုံဖွင့်လှစ်ခဲ့ပေမယ့် မဲလာရောက်ပေးသူနည်းပါးတဲ့အပြင် ပြည်ပရောက်မြန်မာတွေက ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း သံရုံးတွေရှေ့မှာ ဆန္ဒထုတ်ဖော်ခဲ့ကြတာလည်း ဖြစ်ပါတယ်။