မြေလတ်အသံ၊ ဇူလိုင် ၁၈၊ ၂၀၂၅။
တော်လှန်ရေးတပ်တွေ စိုးမိုးထိန်းချုပ်မှုအားကြောင့် စစ်ကောင်စီတပ်က ၁ နှစ်နီးပါးအကြာအသုံးမပြုခဲ့တဲ့ မန္တလေး-ဗန်းမော် ဧရာဝတီမြစ်ကြောင်းကနေ လူ၊ လက်နက်ခဲယမ်း၊ ရိက္ခာအပြည့်တင်ဆောင်ထားတဲ့ သင်္ဘော ၁၂ စီး ဇူလိုင် ၁၇ ရက် ယမန်နေ့မနက်မှာ စတင်ထွက်ခွာသွားတယ်လို့ မန္တလေးဒေသခံတွေဆီက သိရပါတယ်။
သင်္ဘော ၁၂ စီးမှာ စစ်သင်္ဘော ၅ စီး၊ တွဲဖလက် ၇ စီး၊ တိုက်ခိုက်ရေးသင်္ဘော ၁ စီး ပါဝင်ပြီး အင်အားဖြည့်တင်းဖို့အတွက် ဇွန်လကစတင်ကာ မန္တလေးဂေါဝိန်ဆိပ်ကမ်းမှာ ၁ လနီးပါးအကြာပြင်ဆင်ခဲ့တယ်လို့ ဆိုပါတယ်။
မန္တလေးစစ်ကောင်စီတပ်ဖွဲ့နဲ့နီးစပ်သူတွေထံက ရရှိတဲ့အချက်အလက်တွေအရ သင်္ဘောတွေပေါ်မှာ လက်နက်ခဲယမ်း၊ ရိက္ခာနဲ့ ဆေးဝါးတွေပါဝင်ပြီး စစ်အင်အားအများစုဟာ ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းတောင်ခြေ ခမရ ၄ ထဲမှာ စစ်သင်တန်းပေးထားသူတွေ ရာနဲ့ချီပါဝင်သလို အလယ်ပိုင်းတိုင်းစစ်ဌာန ချုပ်(လပခ)အတွင်းက တပ်တချို့လည်းပါဝင်ကာ ဗန်းမော်မြို့ကို ပို့ဆောင်မှာဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လကလည်း သင်္ဘောတွေဆန်တက်မယ့် သတင်းတွေထွက်ခဲ့ပြီး နေ့စဥ်မနက် ၅နာရီခန့်မှာ လပခ(နန်းတွင်း)ကနေ စစ်တပ်ဖောကားအကြီးတွေနဲ့ သင်္ဘောတွေပေါ်ကို ကုန်ပစ္စည်းတွေပို့ဆောင်ခဲ့ကာ ယခုတပတ်အတွင်းမှာ ဗျူဟာမှူးမှ ၃ ရက်တာစစ်ဆေးပြီး သင်္ဘောတွေအပြီးသတ်ထွက်ခွာခဲ့တာလို့ မျက်မြင်တွေ့ရှိတဲ့မန္တလေးမြို့ခံတဦးက ပြောပါတယ်။
စစ်သင်္ဘောတွေပေါ်မှာပါတဲ့ အင်အားအတိအကျကိုမသိရပေမယ့် တပ်တချို့ကတော့ ဗန်းမော်မြို့ကို စစ်ကူပို့ဆောင်တာဖြစ်ကာ KIAပူးပေါင်းတပ်တွေ ထိုးစစ်ဆင်နေတဲ့ ဗန်းမော်မြို့မှာ ဇူလိုင်လ တတိယပတ်အထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာပါ။
ယမန်နေ့ညနေပိုင်းမှာ အဲဒီစစ်သင်္ဘောတွေဟာ စဉ့်ကူးမြို့နယ်အတွင်းကို ရောက်ရှိနေပြီး လေကြောင်းပစ်ကူနဲ့ မြစ်ကမ်းအနီးကျေးရွာတွေကို ပစ်ခတ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒါ့အပြင် ယမန်နေ့မနက်ပိုင်းကစတင်ကာ စစ်သင်္ဘောတွေဖြတ်သန်းမယ့် ဧရာဝတီမြစ်နံဘေးတလျှောက်က ကျေးရွာတွေကို ဖုန်းလိုင်းတွေပါဖြတ်တောက်ထားတယ်လို့လည်း သိရပါတယ်။
ဒီရေလမ်းကြောင်းဟာ လက်ရှိတော်လှန်ရေးတပ်တွေစိုးမိုးထားတဲ့ ဧရိယာအတွင်းမှာအများဆုံးရှိပြီး စဉ့်ကူး၊ မတ္တရာ၊ သပိတ်ကျင်း၊ ထီးချိုင့်မြို့နယ်တွေကိုပါ ထိုးစစ်ဆင်လာနိုင်တယ်လို့ တော်လှန်ရေးတပ်တွေက ခန်းမှန်းထားကြပါတယ်။
မန္တလေး-ဗန်းမော် မြစ်ကြောင်းတလျှောက် မြို့နယ်၊ ကျေးရွာအများစုကို တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ထိန်းချုပ်ထားနိုင်တာကြောင့် စစ်ကောင်စီတပ်က အထက်ပါမြစ်ကြောင်းကနေ သင်္ဘောတွေနဲ့ လူ၊ လက်နက်၊ ခဲယမ်း ပို့ဆောင်တာကို ပြီးခဲ့တဲ့ ၂၀၂၄ စက်တင်ဘာက စတင်ရပ်နားခဲ့တာဖြစ်ပြီး ၁ နှစ်နီးပါအကြာမှာ ပြန်လည်အသုံးပြုလာတာလည်း ဖြစ်ပါတယ်။
သတင်း – မြတ်