စစ်ကိုင်း၊ မေ ၆၊ ၂၀၂၅။
ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ စစ်ကိုင်းဖက်ဒရယ်တပ်ပေါင်းစု – SFT မှ တိုက်ပွဲပြန်တပ်ဖွဲ့ဝင်တွေကို ဒေသခံပြည်သူတွေက ကြိုဆိုခဲ့ကြတယ်လို့ အဲ့ဒီအဖွဲ့ဆီကသိရပါတယ်။
ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ စစ်ကိုင်းဖက်ဒရယ်တပ်ပေါင်းစု အမှတ် ၃ နဲ့ အမှတ် ၅ စစ်ကြောင်း ၂ ခုမှ တပ်ဖွဲ့ဝင် ၅၀ ဦးကို ဧပြီတတိယပတ်ထဲမှာ ကြိုဆိုခဲ့ကြတာလို့ ဆိုပါတယ်။
“အတွေ့အကြုံအားဖြင့် အများကြီးရလိုက်တယ်။ မြို့သိမ်းတိုက်ပွဲမှာ ရန်သူရဲ့ပထဝီအနေအထားအရဆိုရင် ရန်သူသည် အားသာတဲ့နေရာကနေ နေပြီးတော့မှ ဒီမြို့ကို သိမ်းရတဲ့ အခြေအနေတွေရှိတာပေါ့လေ။ ပြီးရင် မြို့သိမ်းတိုက်ပွဲမှာဆိုရင် အလံတွေ၊ တံဆိပ်တွေ မတူညီတဲ့ အင်အားစုအသီးသီးကနေပြီးတော့မှ စည်းလုံးညီညွတ်စွာနဲ့ ပူးပေါင်းတိုက်ပွဲဝင်ခဲ့ရတဲ့ အတွေ့အကြုံတွေ အများကြီးရခဲ့တယ်။”လို့ စစ်ကိုင်းဖက်ဒရယ်တပ်ပေါင်းစု – SFT ဗဟိုစစ်ဦးစီးအဖွဲ့ဝင် ကိုဇေယျ က ပြောပါတယ်။
စစ်ကိုင်းဖိုရမ်ဖက်ဒရေးရှင်း၊ အလုပ်အမှုဆောင်ကော်မတီဥက္ကဋ္ဌနဲ့ အလုပ်အမှုဆောင်ကော်မတီဝင်တွေ၊ လုပ်ငန်းကော်မတီဝင်တွေ၊ စစ်ရေးလုပ်ငန်းအဖွဲ့ဝင်တွေ၊ တပ်ပေါင်းစုတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံပြည်သူတွေက အောင်သပြေတွေ၊ ပန်းကုံးတွေ၊ အတီးအမှုတ်တွေနဲ့ ကြိုခဲ့ကြတယ် လို့ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်ကိုင်းဖက်ဒရယ်တပ်ပေါင်းစု – SFT မှ တပ်ဖွဲ့ဝင် ၂ ဦးကျဆုံးခဲ့ပြီး ၄ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ကိုဇေယျက ဆက်ပြောပါတယ်။
ချင်းညီနောင်စစ်ဆင်ရေး (Operation CB) ဖလမ်းမြို့ သိမ်းတိုက်ပွဲမှာ အညာဒေသမှ စစ်ကိုင်းဖက်ဒရယ် တပ်ပေါင်းစု – SFT အပါအဝင် PDF ၁၇ ဖွဲ့ ပါဝင်တိုက်ခိုက်ခဲ့ပြီး ဖလမ်းမြို့နယ်တခုလုံးကို ၂၀၂၅ ဧပြီ ၉ ရက်မှာ အလုံးစုံသိမ်းပိုက်ရရှိခဲ့တယ်လို့ ချင်းညီနောင် (Chin Brother Hood) က ထုတ်ပြန်ထားပါတယ်။
စာတည်း – လင်း ၊ တည်းဖြတ် – HP