မြေလတ်အသံ၊ ဇူလိုင် ၁၊ ၂၀၂၅။
မကွေးတိုင်း၊ ငဖဲမြို့နယ်အပိုင် ရခိုင်ရိုးမပေါ်က အမ်း-ပဒါန်းလမ်းရှိ နတ်ရေကန်တောင်စခန်းကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီ တပ်သား ၁ ဦးကို ဇွန် ၂၇ ရက်နေ့မှာ ဖမ်းဆီးရမိခဲ့တယ်လို့ မင်းဘူးခရိုင်အမှတ်( ၆)တပ်ရင်းထံက သိရပါတယ်။
စစ်ကောင်စီတပ်သားအသက် ၃၀ ကျော်အရွယ်ကိုယ်ပိုင်အမှတ် (တ-၅၉ ××××)ဟာ နောက်ထပ် တပ်သား ၄ ဦးနဲ့အတူ တိုက်ပွဲအတွင်းကနေ ထွက်ပြေးလာခဲ့ကြပြီးနောက် မင်းဘူးမြို့နယ်တနေရာအရောက်မှာ သူ ၁ ဦးထဲကို တော်လှန်ရေးတပ်တွေ ဖမ်းဆီးရမိခဲ့တာလို့ သိရပါတယ်။
” ၄ ယောက်အတူတူပြေးလာကြတာတဲ့။ လမ်းမှာ လမ်းတွေကွဲသွားကြပြီးတော့ တယောက်တနေရာစီဖြစ်သွားကြတယ်လို့ပြောတယ်။ သူ(စကစတပ်သား)ပြေးလာတဲ့လမ်းမှာ သတင်းပေးတွေရှိတော့ ဒီအတိုင်းစောင့်ပြီးဖမ်းလိုက်တာပါပဲ”လို့ မင်းဘူးခရိုင်အမှတ်( ၆)တပ်ရင်းက တာဝန်ရှိသူက ပြောပါတယ်။
အဆိုပါစစ်ကောင်စီတပ်သားဟာ တပ်မ ၉၉ လက်အောက်ခံ တောင်တွင်းကြီးမြို့နယ်ထဲရှိ တပ်ရင်းတခုကဖြစ်ပြီး လက်ရှိမှာ ၎င်းကို စစ်ရာဇဝတ်မှုကျူးလွန်ခဲ့တာရှိ၊ မရှိကို စစ်ဆေးမေးမြန်းနေဆဲဖြစ်တယ်လို့ဆိုပါတယ်။
“စစ်ရာဝတ်မှုကျူးလွန်တာမရှိရင်တော့ သူ့မိသားစုဆီပြန်ရအောင်လုပ်ပေးပါမယ်”လို့ အထက်ပါတာဝန်ရှိသူက ပြောပါ တယ်။
အလားတူ ဇွန် ၈ ရက်နေ့ကနေ ဇွန် ၁၂ရက်နေ့အတွင်းမှာ နတ်ရေကန်တောင်စခန်းကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၂၃ ဦးကို ချင်းကာကွယ်ရေးတပ် – အရှို ( CDF – Asho )က ငဖဲမြို့နယ်မှာ ဖမ်းဆီးရမိပြီး ထိန်းသိမ်းထားတယ်လို့ သိရ ပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၃ ရက်နေ့မှာ အာရက္ခတပ်တော်(AA)နဲ့ပူးပေါင်းတပ်တွေက အမြောက်နဲ့ လေကြောင်းရန် ကာကွယ်ရေးစခန်းရှိရာ နတ်ရေကန်တောင် ဗျူဟာကုန်းရဲ့အဓိကကျတဲ့ တာဝါတိုင်ကာကင်းစခန်းကို အပြီး သတ်သိမ်းပိုက်လိုက်ပြီးနောက် နတ်ရေကန်စခန်းကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
စာတည်း – မြတ်