ပခုက္ကူ၊ ဇူလိုင် ၁၀၊ ၂၀၂၅။
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ နံဂါတ်အရှေ့ရွာနဲ့ အနောက်ရွာကို ဇူလိုင် ၇ ရက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မီးရှို့သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပခုက္ကူတပ်မ ၁၀၁ က အင်အား ၅၀ ဝန်းကျင်ပါစစ်ကောင်စီစစ်ကြောင်းဟာ မနက် ၇ နာရီကျော်မှာ အနောက်နံဂါတ်ရွာကိုမီးရှို့ပြီး မနက် ၈ နာရီခွဲလောက်မှာ အရှေ့နံဂါတ်ရွာကို ဆက်လက်မီးရှို့တာလို့ ဆိုပါတယ်။
“၂ ရွာလုံးပေါင်း အိမ်ခြေ ၄၀ ကျော်လောက် ပါသွားတယ်။ သူက အရှေ့နံဂါတ်ရွာနဲ့ အနောက်နံဂါတ်ရွာဆိုပြီး ရှိတာ။ အရှေ့နံဂါတ်ရွာကတော့ ရွာအသေးလေးပါ။ (မီးရှို့ခံရပြီးတဲ့နောက်) အိမ် ၂ လုံးပဲကျန်တာ။ အနောက်နံဂါတ်ရွာကတော့ နေအိမ် ၁၀ လုံးမီးလောင်သွားတယ်။ ပြီးတော့ စာကြည့်တိုက်၊ စာသင်ကျောင်း လောင်သွားတယ်။ တိုက်ပွဲမဖြစ်ပါဘူး။ ပထမဦးဆုံးမီးရှို့ခံရတာ”လို့ ပခုက္ကူမြို့ခံတဦးက ပြောပါတယ်။
အဲဒီ စစ်ကြောင်းဟာ ပခုက္ကူတပ်မ ၁၀၁ က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ အနီးနားက ပျူစောထီးတွေပေါင်းပြီးလာတာလို့ သိရတယ်။
ဒါ့အပြင် အဲဒီ ညနေပိုင်းမှာပဲ အောင်သာပျူစောထီးရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်တွေက နံဂါတ်ရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့သေးတယ်လို့ သိရပါတယ်။
နံဂါတ် အရှေ့ရွာနဲ့ အနောက်ရွာမှာ အိမ်ခြေ ၄၅၀ လုံး၊ အိမ်ထောင်စု ၄၅၀ ကျော်နဲ့ လူဦးရေ ၂,၀၀၀ ဝန်းကျင်ရှိပြီး ၂ ရွာပေါင်း နေအိမ် ၄၀ ကျော်ပျက်စီးဆုံးရှုံးကာ ဒေသခံတွေကတော့ နီးစပ်ရာကျေးရွာတွေကို တိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။
စာတည်း – မြတ်၊ တည်းဖြတ် – M