မုံရွာ၊ ဩဂုတ် ၁၅၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်-နမခက စစ်ကောင်စီ စစ်ကြောင်းကို တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုများပြီး စစ်သုံ့ပန်း ၁ ဦးကိုလည်း ဖမ်းဆီးခဲ့တယ်လို့ ဘုတလင်မြို့နယ်တပ်ပေါင်းစုဆီက သိရပါတယ်။
သြဂုတ် ၁၀ ရက် နေ့လယ် ၁၂ နာရီကနေ ၁ နာရီထိ မုံရွာမြို့နယ်၊ ပေါ်တော်မူဘုရာအနီးမှာ ၁ ကြိမ်၊ နေ့လယ် ၁ နာရီဝန်းကျင်ကနေ ညနေ ၃ နာရီအထိ ရွှေဂူဖြူဘုရားအနီးမှာ ၁ ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“တိုက်ပွဲက ၂ ကြိမ်ဖြစ်ခဲ့တာ၊ တိုက်ပွဲက ၂ ကြိမ်ဖြစ်ခဲ့တာဆိုတော့ ၃ နာရီလောက်ကြာတယ်၊ ကားတွေကတော့ တင့်ကားနဲ့ သံချပ်ကာကားတွေများတယ်၊ တိုက်ခိုက်ခဲ့တာမှာ သေဆုံးတာလည်းရှိပါတယ်၊ ဒရုန်းစကောက်တွေ ကြည့်ရပုံအရ ၂ ကြိမ်ဖြစ်ခဲ့တာဆိုတော့ ၄၀ ကျော်လောက် သေမယ်၊ အရှင်ဖမ်းမိတာက ၁ ဦးပါ”လို့ ဘုတလင်မြို့နယ် တပ်ပေါင်းစု စစ်ကြောင်းမှူး ကိုကြွက်ကလေးက ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်တွေဆီက FZ ဆိုင်ကယ် ၁ စီး၊ ၁၂ ဘီးကား ၁ စီး၊ MA1 ၁ လက်၊ ကျည်ဘောက် ၄ ခု၊ ၅.၅၆ ကျည် ၈၂ တောင့်ကို သိမ်းဆည်းခဲ့ကာ ဖမ်းမိတဲ့စစ်သုံ့ပန်းကိုတော့ ဥပဒေနဲ့အညီထိန်းသိမ်းထားပြီး NUG ဆီ အပ်ဖို့စီစဥ်ထားတယ်လို့ ဆိုပါတယ်။
“လက်ရှိဖမ်းဆီးထားတဲ့ စစ်သုံ့ပန်းကိုတော့ စစ်သုံ့ပန်းဥပဒေနဲ့အညီထိန်းသိမ်းထားပါတယ်၊ တိုက်ပွဲ အားလုံးပြီးတာနဲ့ စစ်သုံ့ပန်းကိုတော့ ကျနော်တို့ NUG ကိုအပ်ဖို့ စီစဉ်ထားပါတယ်၊ သိမ်းဆည်းရမိတဲ့ ပြည်သူပိုင် ၁၂ ဘီးကား ၁ စီးကိုတော့ ပြည်သူတွေထံပြန်အပ်ဖို့ စီစဉ်ထားပါတယ်၊ ဒီဟာတွေ အားလုံးကိုတော့ အရာတော်မြို့နယ် ပကဖ ထံလက်ရှိလွှဲပြောင်းပေးထားပါတယ်”လို့ ကိုကြွက်ကလေး က ဆက်ပြောပါတယ်။
အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင်ခရိုင်ကွပ်ကဲရေးမှူးရဲ့ ကွပ်ကဲမှုနဲ့ ဘုတလင်မြို့နယ် တပ်ပေါင်းစု စစ်ကြောင်းနဲ့အတူ အရာတော်မြို့နယ် ပကဖ၊ အရာတော် တိုက်နယ် ၉/၁၀/၁၁၊ မုံရွာခရိုင် ဗျူဟာ ၆၆၊ PLA တပ်ဖွဲ့၊ ဒီပဲယင်းမြို့နယ်အခြေစိုက် ဂဠုန်တပ်ဖွဲ့၊ မုံရွာမြိုနယ်ပကဖ တို့က ပူးပေါင်း တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၈ ရက်နဲ့ ၉ ရက်မှာလည်း ကျောက္ကာတောင်ရွာအနီး ရေနံကုန်း လမ်းဆုံ နှင့် ရွှေဂူဖြူ ဘုရားအနီးတို့မှာ စစ်ကောင်စီတပ်တွေကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှုတွေရှိခဲ့ပါသေးတယ်။
တည်းဖြတ် – HP