မြေလတ်အသံ၊ ဩဂုတ် ၇၊၂၀၂၅။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်း ပသုံးလုံးနဲ့ PDF ကို ဆန္ဒပြမှုဖြစ်စဥ် မရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။
ဆားလင်းကြီးမြို့နယ်၊ ထန်းပုကျေးရွာမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – PDF ကို လူ ၅၀ ခန့်က ဆန္ဒပြမှုလုပ်ဆောင်ခဲ့တယ်ဆိုကာ လူမှုကွန်ယက်မှာ ရုပ်သံတခုပျံ့နှံ့နေတဲ့အပေါ် အခုလို တုံ့ပြန်ပြောဆိုလာတာပါ။
“ ထန်းပုရွာကတော့ဆားလင်းကြီးမြို့နယ်မှာရှိတယ်။ သို့သော် ဒီဆန္ဒပြပွဲက ဆားလင်းကြီးမြို့နယ်မှာဖြစ်ခဲ့တာလည်းမဟုတ်ဘူး။ ဒါကြီးကတမင်သက်သက်မြို့နယ်ရဲ့ပုံရိပ်ကျအောင်လုပ်နေတာပေါ့ စကစရဲ့အကြိုက်ကို လိုက်ပြီး စကစဆီကငွေယူပြီးလုပ်နေတာလို့မြင်တယ်”လို့ ဆားလင်းကြီးမြို့နယ်ပအဖတာဝန်ရှိသူတဦးက မြေလတ်အသံ ကို ပြောပါတယ်။


အဆိုပါ ရုပ်သံဖိုင်မှာ တရားမျှတဲ့ရွေးကောက်ပွဲဖော်ဆောင်ပေးလိုကြောင်း၊ PDF တွေက ဒလန်လို့ စွပ်စွဲသတ်ဖြတ်တာ၊ သွားလာမှုခက်ခဲအောင်လုပ်တာနဲ့ ဒေသခံတွေရဲ့ဘဝလုံခြုံမှုမရှိအောင် လုပ်ဆောင်နေကြောင်း၊ PDF အလိုမရှိကြောင်းဆိုကာ အမျိုးသား၊ အမျိုးသမီးလူတစုက လမ်းလျှောက်ဆန္ဒပြနေတာဖြစ်ပြီး ဆားလင်းကြီးမြို့နယ်၊ ထန်းပုကျေးရွာမှာ ဆန္ဒပြခဲ့ကြောင်း ဖော်ပြကာ ရက်စွဲကိုတော့ ဖော်ပြမထားပါဘူး။
ဒါ့အပြင် ရုပ်သံဖိုင်ပါ နေရာနဲ့လမ်းပိုင်းဟာ ထန်းပုကျေးရွာမဟုတ်ကြောင်းနဲ့ ဆန္ဒပြနေတဲ့ ဒေသခံဆိုသူတွေကိုလည်း မသိရှိဘူးလို့ အထက်ပါတာဝန်ရှိသူက ဆက်ပြောပါတယ်။
“ အဲ့ဒီ ရွာမှာ မြေနီလမ်းမရှိဘူး။ ရွာအဝင်က ကတ္တရာလမ်း၊ ရွာထဲလမ်းတွေက အကုန်ကွန်ကရစ်လမ်းတွေချည်းပဲမြေနီလမ်းမရှိဘူး။ အဲ့ရွာပတ်ဝန်းကျင်မဟုတ်ဘူး” ၎င်းက ပြောပါတယ်။


မြို့နယ်ပအဖတာဝန်ရှိသူတွေက ရုပ်သံဖိုင်မှာပါဝင်သူတွေကို ဆားလင်းကြီးမြို့နယ်အတွင်းမှာ လိုက်လံမေးမြန်းရှာဖွေပေမယ့် ထန်းပုရွာနဲ့အနီးတဝိုက်ကျေးရွာ ပြည်သူတွေအနေနဲ့လည်း ၎င်းတို့ကို မသိရှိကြဘူးလို့ဆိုပါတယ်။
“ (ပြည်သူတွေက) မဟုတ်ဘဲနဲ့နာမည်ပျက်လို့မကျေနပ်ကြတာလေ ရွာနာမည်ပျက်တယ် မြို့နယ်သိက္ခာကျတယ်ဆိုပြီးတော့ ဒါမျိုးလက်မခံကြဘူး “ အထက်ပါတာဝန်ခံက ဆက်ပြောပါတယ်။
အဆိုပါ ဆားလင်းကြီးမြို့နယ်အတွင်း PDF ကို ဆန္ဒပြတယ်ဆိုတဲ့ရုပ်သံဖိုင်ပျံ့နှံ့နေတာနဲ့ပတ်သက်ပြီး ဆားလင်းကြီးနဲ့ယင်းမာပင်မြို့နယ်အတွင်းက သပိတ်အင်အားစုတွေနဲ့ ဒေသခံတွေကို မြေလတ်အသံက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆန္ဒပြတယ်ဆိုတဲ့ဖြစ်စဥ်ကို မသိရှိကြကြောင်း ပြောဆိုကြပြီး ဖြစ်စဥ်အပေါ် ဒေသခံတဦးက အခုလို မှတ်ချက်ပြုပါတယ်။
” ကျနော်လည်း ဆားလင်းကြီးနဲ့ ကပ်လျက်ပဲ၊ မကြားမိဘူး။ (ဆားလင်းကြီး) ဒေသခံတွေဆိုရင်တော့ ပသုံးလုံးကို ဆန္ဒပြရင်တောင် ရွေးကောက်ပွဲကိစ္စတော့ ပြောကြမယ် မထင်ဘူး။”
စာတည်း – ဟိန်းစံ