မြေလတ်အသံ၊ သြဂုတ် ၁၅၊ ၂၀၂၅။
မကွေးတိုင်း၊ ဂန့်ဂေါမြို့အခြေစိုက် ခလရ ၅၀ တပ်ရင်းမှ ဒုတပ်ကြပ် ၁ ဦး ဘက်ပြောင်းခိုလှုံလာခဲ့တယ်လို့ သြဂုတ် ၁၅ ရက်ဒီကနေ့မှာ ယောကာကွယ်ရေးတပ် စစ်ဒေသရုံးဦးဆောင်ကော်မတီ -YDF က ထုတ်ပြန်ပါတယ်။
စစ်မှုထမ်းသက် ၆ နှစ်ရှိသူ အသက် ၂၈ နှစ်အရွယ် ဒုတပ်ကြပ်ဟာ သြဂုတ် ၈ ရက် မနက် ၁၁ နာရီမှာ လက်နက်၊ ခဲယမ်းတွေနဲ့အတူ ဘက်ပြောင်းလာခဲ့တာလို့ ဆိုပါတယ်။

“အလင်းဝင်ရောက်လာတဲ့ တပ်သားအမည်က ပြောကြားလို့အဆင်မပြေသေးလို့ပါဗျ။ ကျန်ခဲ့တဲ့ မိသားစုတွေ ထိခိုက်နိုင်လို့ပါ။ ကျနော်တို့ ထောက်လှန်းရေးဌာနက ရဲဘော်တွေနဲ့ ချိတ်ဆက်မိပြီး အလင်းဝင်ရောက်လာတာပါဗျ”လို့ ယောကာကွယ်ရေးတပ် စစ်ဒေသရုံးဦးဆောင်ကော်မတီ -YDF မှ ပြန်ကြားရေးတာဝန်ခံ ကိုနေကပြောပါတယ်။
အထက်ပါ ဒုတပ်ကြပ်ဟာ MA-11 မောင်းပြန်ရိုင်ဖယ် ၁ လက်၊ ကျည်ဘောက် ၃ ခု၊ ကျည် ၇၁ တောင့်၊ စကားပြောစက် ၂ လုံးတို့ရရှိထားတယ်လို့ ကိုနေက ဆက်ပြောပါတယ်။

ခလရ ၅၀ တပ်ကနေ YDF ဆီကို အခုလိုဘက်ပြောင်းခိုလှုံလာတာဟာ ပထမဆုံးဖြစ်ပြီး သူ့ရဲ့စိတ်ဆန္ဒရှိတဲ့အတိုင်း ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့လည်း ကိုနေက ဆိုပါတယ်။
ဒါ့အပြင် ဆုကြေးငွေအနေနဲ့ ငွေကျပ်သိန်း ၃၀ သတ်မှတ်ထားပြီး တခြားလိုအပ်တာတွေကိုပါ ကူညီပေးသွားဖို့ စီစဥ်ဆောင်ရွက်နေဆဲဖြစ်တာကြောင့် လက်ရှိမှာဆုချီးမြှင့်ပွဲ မပြုလုပ်နိုင်သေးဘူးလို့ သိရပါတယ်။
စာတည်း – လင်း