myaelatt athan

Sharing Information to the Local

ပဲခူးတိုင်းအနောက်ခြမ်းမှာ ဆိုင်ကယ်စီးသူတွေကို စစ်ကောင်စီက ငွေတောင်းကြမ်းနေလို့ ဒေသခံတွေ ခက်ခဲနေ

0
0

ပဲခူး၊ ဒီဇင်ဘာ ၂၂၊ ၂၀၂၂။

ပဲခူးတိုင်းဒေသကြီး၊ အနောက်ခြမ်းဖြစ်တဲ့ မိုးညို၊ နတ်တလင်း၊ ကြို့ပင်ကောက်၊ အုတ်ဖို၊ ဇီးကုန်း၊ ပေါင်းတည်မြို့နယ်တွေမှာ ရဲ၊ စစ်တပ်၊ ယာဥ်ထိန်းပေါင်းပြီး ဆိုင်ကယ်စီးသူတွေကို ငွေတောင်းကြမ်းနေလို့ ဒေသခံတွေ ခက်ခဲနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်သား၊ ရဲနဲ့ယာဥ်ထိန်းတွေဟာ မြို့တွေရဲ့ လမ်းဆုံလမ်းခွတွေအပါအဝင် ကျေးရွာဘက်ဆင်းတဲ့ လမ်းတွေမှာတောင် ပိတ်ဆို့စစ်ဆေးငွေတောင်းနေလို့ ဒေသခံကျေးရွာနေသူတွေဟာ မြို့ပေါ်တက် ထွက်ကုန်တွေရောင်းချဖို့တောင် ခက်ခဲနေကြတယ်လို့ မိုးညိုဒေသခံတဦးက ပြောပါတယ်။

“ကျွန်တော်တို့ မိုးညိုဘက်မှာဆို မနက် ၅ နာရီလောက်ကတည်းကနေ ညပိုင်းထိဖမ်းနေတာ။ ရွာဘက်က သူတွေ မြို့ပေါ်တက်စျေးတောင်မရောင်းရဲဘူး။ သူတို့နဲ့တွေ့ရင် တခုမဟုတ်တခုအကြောင်းရှာပြီး ငွေတောင်းတယ်။ ကျွန်တော်တောင် တခါ ဖမ်းခံထိတာ ၅၀၀၀၀ မိသွားတယ်။ ကိုယ်တွေ ရွာကလူတွေက အဲလောက်ပိုက်ဆံဆို တပတ်ကျော်လောက်စားလို့ရတယ်လေ။ သူတို့လုပ်မှ လူတွေက ကျီးလန့်စာစားနေရတယ်” လို့ ပြောပါတယ်။

ဆိုင်ကယ်တွေကို စစ်ဆေးချိန်မှာတော့ ယာဥ်လိုင်စင်၊ လူလိုင်စင်၊ ဦးထုပ်၊ ဘက်မှန်၊ နံပါတ်ပြား၊ လေပေါင်တင်းမတင်းတာကအစ စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်သား၊ ရဲနဲ့ယာဥ်ထိန်းတွေဟာ ဆိုင်ကယ်ဖမ်းဆီးချိန်မှာ အပြစ်တခုမဟုတ်တခုရှာပြီး ငွေတောင်းနေပြီး အနည်းဆုံးငွေကျပ် ၃၀၀၀၀ ကနေ ကျပ်တသိန်းထိ တောင်းကြတယ်လို့ ဆိုပါတယ်။

“သူတို့လုပ်တာက အခြေခံလူတန်းစားတွေကို ဒုက္ခပေးတာနဲ့တူတူဘဲ။ တမြို့နယ်ထဲလုပ်နေတာမဟုတ်ဘူး။ ပဲခူးအနောက်ခြမ်းမြို့နယ်အားလုံးမှာ တပုံစံတည်းလုပ်နေတာ။ ငွေတောင်းတယ်။ မပေးရင် ဆိုင်ကယ်သိမ်းတယ်။ ဒါက သူတို့ကံကြမ္မာကို သူတို့ဖန်တီးနေတာဘဲ။ ဒီလိုလုပ်လေ လူထုက သူတို့ကို မုန်းလေစိတ်နာလေဘဲ။ ဖမ်းခံထိတဲ့ အထဲမှာ စကစ ထောက်ခံသူ၊ ပါဝင်နေသူတွေတောင် ဖမ်းတာဘဲ။ ဖမ်းဆီးရေးတာဝန်ရှိတဲ့သူတွေက ငွေရဖို့တခုတည်းဘဲ ကြည့်တော့တာ”လို့ ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

ပဲခူးတိုင်းအနောက်ခြမ်းက မြို့နယ်တွေမှာ စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာရုံး၊ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေ၊ စစ်ကောင်စီဂိတ်စခန်းတွေကို ဆိုင်ကယ်စီးနင်းလာသူတွေက ပစ်ခတ်တိုက်ခိုက်တာတွေ မကြာခဏခံနေရလို့ စစ်ကောင်စီဘက်က ဆိုင်ကယ်စီးသူတွေကို တင်းတင်းကြပ်ကြပ် စစ်ဆေးနေတာလို့ သိရပါတယ်။

ဒါအပြင် စစ်ကောင်စီတပ်သားတွေနဲ့ လက်အောက်ခံအဖွဲ့တွေကတော့ လုပ်ပိုင်ခွင့်ကို အသုံးချပြီး ကိုယ်ကျိုးအတွက် ငွေတောင်းကြမ်းနေတယ်လို့ ဆိုပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။