myaelatt athan

Sharing Information to the Local

စစ်အုပ်စုလက်ချက်နဲ့ ရွာ ၆ ရွာကို မီးရှို့ဖျက်ဆီးခံရပြီး၊ မသန်စွမ်းတဦးနဲ့ အမျိုးသမီး ၁ ဦး သေနတ် ထိမှန်သေဆုံး

0
0

မကွေး၊‌ ဧပြီ ၃၊ ၂၀၂၂။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းပေါ်ကို စစ်ကောင်စီက အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးဝင်ရောက်လာပြီး အနည်းဆုံး ကျေးရွာ ၆ ခုကို မီးရှို့ထားပြီး ဖြစ်ပါတယ်။

ဧပြီလ ၂ ရက် မနေ့ကစပြီး ရေလယ်ကျွန်းပေါ်ကို စစ်ကြောင်း တခုကို အင်အား ၁၀၀ ဝန်းကျင်လောက်နဲ့ တရွာပြီးတရွာ လက်နက်ကြီးငယ်တွေ ပစ်ပြီး ဝင်ရောက်ကာ မီးရှို့တာတွေ ဒီနေ့အထိ လုပ်နေတယ်လို့ YSO No-1အဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

“ဘုန်းကြီးကျောင်းတကျောင်းကို အရင်ဆုံး မီးရှို့ဖျက်ဆီးပစ်လိုက်ပါတယ်။ ပြီးတော့ အိမ် ၃ လုံးလောက် မီးရှို့ပြီး မိဖုရားရွာကို လက်နက်ကြီးနဲ့ ပစ်ဝင်ပြီး အဲ့ဒီရွာမှာ တညအိပ်ခဲ့တယ်။ အဲ့ဒီညဦးမှာ CDM ကျောင်းဆရာရဲ့ အိမ်ကို မီးစရှို့တဲ့အခါမှာ အိမ်ချင်းကပ်ရက်ဖြစ်တဲ့ အတွက် ၂ အိမ်ပြာကျသွားတယ်။ ဘာမှ မကျန်တော့ဘူး” လို့ YSO No-1 အဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

အဲ့ဒီရွာက ဒေသခံ ပြည်သူ ၂၀၀ နီးပါးကို ဘုန်းကြီးကျောင်းပေါ် မှာ ဖမ်းဆီးထားပြီး လက်နက်ကြီးနဲ့ ချိန်ထားကာ ခြိမ်းခြောက်ဖမ်းဆီးထားခဲ့တယ်လို့ ပြောပါတယ်။

“လှုပ်ရဲတဲ့သူ လှုပ်ကြည့် လှုပ်ရင် ဒီပေါ်မှာ အကုန်ပစ်မယ်ဆိုပြီး ကျောင်းထဲကို လက်နက်ကြီးနဲ့ ချိန်ပြီးခြိမ်းခြောက်ထားတာပါ။ လူသားဒိုင်းသဘောနဲ့ သူတို့လုပ်နေတာ” လို့ YSO No-1 ခေါင်းဆောင်ကပဲ ပြောပါတယ်။

ဒီနေ့ မနက်ပိုင်းမှာ မိဖုရားရွာကနေ ဖြုံဖူးရွာကို မနက် ၈ နာရီဝန်းကျင်မှာ လက်နက်ကြီး ပစ်ဝင်လာခဲ့ပြီး ရွာတဝက်ကျော်ကို မီးရှို့သွားတယ်လို့ သိရပါတယ်။

“ရွာသားတွေ မရှိတော့တာတောင် လက်နက်ကြီးနဲ့ ပစ်ဝင်လာတာ၊ နွားတွေဘာတွေ ထိတာပေါ့ ၊ အဲ့မှာအိမ်ခြေ ၁၂၀ ကျော်ရှိတာကို အိမ်ခြေ ၇၀ ကျော်ကြီးက အကုန်လုံးပြာကျသွားတယ်ဗျ” လို့ အဲ့ဒီခေါင်းဆောင်ကပဲ ဆက်ပြောပါတယ်။

ဘုန်းကြီးကျောင်း မီးရှို့ခံလိုက်ရတဲ့ မီး‌လောင်ကျွန်းရွာက အသက် ၄၀ ကျော် မသန်စွမ်း အမျိုးသမီးတဦးကို စစ်ကောင်စီက သေနတ်နဲ့ ပစ်ခဲ့လို့ ဦးခေါင်းပွင့်သေဆုံးနေခဲ့ပါတယ်။

ဆက်ပြီးစစ်ကောင်စီကပဲ ပုန်းအောင်းနေတဲ့ နေရာတွေကို ရမ်းသမ်း ပစ်ခတ်ခဲ့လို့ အမျိုးသမီးတဦး သေနတ်ထိမှန်သေဆုံးခဲ့ပြန်ပါတယ်။

“အိမ်ခြေ ၇၀ ကျော် မီးလောင်ခဲ့တဲ့ ရွာကနေ တမိုင်ကျော်လောက်ရှိတဲ့ တောထဲမှာ ပုန်းအောင်းနေတဲ့ ပြည်သူ အသက် ၄၀ ကျော်အရွယ် ဒေါ်စီကို ချိုင်း( ဂျိုင်း) ကနေ ကျည်ဆံကဖောက်ဝင်ပြီး ပြန်မထွက်လာပဲ သေသွားပါတယ်” လို့ YSO No-1ခေါင်းဆောင်က ဆက်ပြောပါတယ်။

ဒေါ်စီဆိုတဲ့ အမျိုးသမီးကိုတော့ မီးသင်္ဂြိုလ်ပေးခဲ့ပြီးဖြစ်သလို လက်ရှိအချိန်အထိ ကျေးရွာပေါင်း ၃၀ နီးပါးက သက်ကြီးရွယ်အိုနဲ့ ကလေးသူငယ် အပါအဝင် နီးစပ်ရာ တောထဲကို ထွက်ပြေးတိမ်း‌ရှောင်နေရတယ်လို့ သိရပါတယ်။

ရေလယ်ကျွန်းပေါ်မှာ စစ်ကြောင်း ၃ကြောင်း နဲ့ စစ်ကောင်စီက ဝင်ရောက်ခဲ့တာဖြစ်လို့ လက်ရှိသိထားတဲ့ သတင်းအချက်အလက်တွေဟာ အနည်းဆုံးအရေအတွက်နဲ့ ခန့်မှန်းဆုံးရှုံးမှုတွေဖြစ်ပြီး အရပ်သား သေဆုံးသူ အနည်းဆုံး ၃ဦးထိ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။