myaelatt athan

Sharing Information to the Local

ဆင်ဖြူကျွန်း၊ နေပူကန်ရွာက နေအိမ် ၈၀ ကျော်ကို စစ်ကောင်စီတပ်တွေ မီးရှို့

ဆင်ဖြူကျွန်း၊ မတ် ၁၃၊ ၂၀၂၅။

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့၊ နေပူကန်ကျေးရွာက နေအိမ် ၈၀ ကျော်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မတ် ၁၂ ရက် ညနေ ၄ နာရီ ၄၀ မိနစ်လောက်မှာ ကျပင်းရွာမှာအထိုင်ချတပ်စွဲနေရာကနေ ထွက်လာတဲ့ ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ နဲ့ စလင်း ခလရ ၂၅၃၊ ခလရ ၂၅၄၊ ခလရ ၂၅၅ တပ်တို့က စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ ကျော်ပါစစ်ကြောင်းဟာ နေပူကန်ကျေးရွာထဲကိုဝင်လာပြီး နေအိမ်တွေကို မီးရှို့ခဲ့တာလို့ ဆိုပါတယ်။

“ဘာကြောင့်မီးဝင်ရှို့တာတော့ မသိရဘူး၊ အိမ်ခြေ ၇၀၊ ၈၀ လောက် မီးလောင်သွားတယ်။ နည်းနည်းတော့ ကျန်သေးတယ်၊ စစ်ရှောင်တွေကတော့ တောထဲမှာနေရတာ၊ မနေ့ကအထိ ၁၇ ရွာ စစ်ရှောင်နေရပြီး အခုဆိုရင် အုတ်ရှစ်ကုန်းရွာ၊ ကန်တော်ရွာ၊ နွားတပ်ရွာတို့က ပြည်သူတွေလည်း စစ်ရှောင်နေရတယ်” လို့ ဆင်ဖြူကျွန်းမြို့ခံတဦးက ပြောပါတယ်။

နေပူကန်ရွာကို ဝင်ရောက်မီးရှို့ခဲ့တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မတ် ၁၁ ရက်ကလည်း ကျပင်းရွာက နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့စစ်ကြောင်းဖြစ်ပြီး အိမ်ခြေ ၁၁၀ ရှိတဲ့ နေပူကန်ရွာက ပြည်သူ ၅၀၀ ကျော်ဟာလည်း ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စစ်ကြောင်းထိုးမီးရှို့တာတွေလုပ်နေတာကြောင့် ကျပင်းတောင်ရွာနဲ့ မြောက်ရွာအပါ အနီးတဝိုက်ရွာတွေဖြစ်တဲ့ ချောင်းဖြူ အမှု့အနောက်၊ တောင်ပို၊ သပြေပင်ရွာသစ်၊ ကျောင်းကုန်း၊ မြို့သစ်၊ ကုက္ကိုကျင်း၊ ကုက္ကိုတန်း၊ နေပူကန်၊ ကုန်းကြား၊ ဇီးဖြူပင်၊ သန်းကုန်း၊ ကိုးလံ၊ အုတ်ရှစ်ကုန်းရွာ၊ ကန်တော်ရွာ၊ နွားတပ်ရွာ စတဲ့ကျေးရွာတွေအပါ ကျေးရွာ ၂၀ ရွာက ဒေသခံ ၁၀,၀၀၀ ကျော်ဟာ ဘေးလွတ်ရာကို အရေးပေါ်စစ်ရှောင်နေကြရတယ်လို့ သိရပါတယ်။

စာတည်း – ကိုချမ်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။