သိုက်ထွန်း
မြေလတ်အသံ၊ ဇူလိုင် ၄၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်းရှိ သပိတ်အင်အားစုတွေက စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ မွေးနေ့မှာ “မင်းအောင်လှိုင်အလိုမရှိကြောင်း” ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ ဒီလှုပ်ရှားမှုမှာ ပါဝင်ခဲ့သူတွေက မြေလတ်အသံကို ပြောပါတယ်။
ဇူလိုင် ၃ ရက်မှာကျရောက်တဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ဓာတ်ပုံတွေကို ခြေဖဝါးနဲ့နင်း၊ မီးရှို့မှုတွေလုပ်ပြီး ကျိန်စာတွေတိုက်ခဲ့တယ်လို့ ဆိုပါတယ်။


“မအလ မွေးနေ့မှာ ပြည်သူတွေက ကြိမ်စာတိုက်နေတယ်။ သူ့ကိုလုံးဝရွံရှာ မုန်းတီးပြီးအလိုမရှိကြောင်းပြသရင်း အသေဆိုးနဲ့သေပါစေလို့ ဆုတောင်းကြိမ်စာတိုက်ခဲ့ကြတာ”လို့ ယင်းမာပင် ဆားလင်းကြီးရွာပေါင်းစုံ သပိတ်ကော်မတီဝင်တဦးက မြေလတ်အသံကိုပြောပါတယ်။
ယခုလိုပြုလုပ်တာဟာ ၎င်းရဲ့ ဘုန်းကံနိမ့်ပါးပြီး အမြန်ကျဆုံးဖို့လည်းရည်ရွယ်ခဲ့တယ်လို့ ဆိုပါတယ်။


အဆိုပါမွေးနေ့အတွက် ယင်းမာပင်မြို့နယ်အတွင်းက အောင်လံလွှင့်မည် ရွှေရေကြည်၊ အောင်လံလွှင့်မည် ဒေါင်းသွေးနီ၊ နောက်ပြန်မလှည့်ကြေးဒီတော်လှန်ရေး၊ ယင်းမာပင်မြောက်ခြမ်းကျေးရွာများသပိတ်၊ ပြည်သူ့အားမာန်သပိတ်စတဲ့ သပိတ်စစ်ကြောင်းတွေက ကျိန်စာတိုက်တာတွေလုပ်ခဲ့တယ်လို့ သိရပါတယ်။