myaelatt athan

Sharing Information to the Local

မြိုင်နဲ့ ပခုက္ကူက ဒေသခံသောင်းချီ စစ်ရှောင်နေရ

0
0

မြိုင်၊ မေ ၂၊ ၂၀၂၅။

မကွေးတိုင်း၊ မြိုင်မြို့နယ်နဲ့ ပခုက္ကူမြို့ထဲက ကျေးရွာတွေကို စစ်ကောင်စီစစ်ကြောင်းထိုးနေတဲ့အတွက် ဒေသခံသောင်းကျော် တိမ်းရှောင်ထွက်ပြေးနေရတယ်လို့ အညာမြေအရပ်ဖက်အဖွဲ့အစည်း(မြိုင်)ဆီက သိရပါတယ်။

ဧပြီ ၃၀ ရက်ညပိုင်းမှာ မြိုင်မြို့နယ်၊ စိုတွင်းရွာကို စတင်စစ်ကြောင်းထိုးဝင်ရောက်လာပြီး မေ ၁ ရက်မနက် ၆ နာရီဝန်းကျင်မှာ စိုတွင်းရွာ၊ မင်းကန်ရွာ၊ သရက်ကွတောတိုက်နဲ့ သင်းပေါင်းကန်တောတိုက်တို့ကို စစ်ကြောင်းထိုးတပ်စွဲတဲ့အတွက် အဲ့ဒီနေရာတွေက ဒေသခံ ၁ ထောင်ကျော်ထွက်ပြေး နေကြရတာလို့ ဆိုပါတယ်။

“ပခုက္ကူတပ်မ ၁၀၁ ကထွက်လာတာက စစ်ကြောင်းက ၂ ခုပေါင်း အင်အား ၅၀၀ ကျော် လောက်ရှိ မယ်။ ၁ ခုက ၂၈ ရက်နေ့ကတည်းက အောင်သာဘက်ကိုထွက်လာတာ ခုစစ်ကြောင်းက (ဧပြီ ၃၀) ညကမှခြေလျင်အင်အား ၁၅၀ လောက် စိုတွင်းဘက်ကို ထပ်ထွက်လာကြတာ။”လို့ အညာမြေ အရပ်ဖက် အဖွဲ့အစည်း (မြိုင်)မှ တာဝန်ရှိသူက ပြောပါတယ်။

ဧပြီ ၂၈ ရက်မှစတင်ထွက်လာတဲ့ပခုက္ကူတပ်မ ၁၀၁ မှကားတန်း ၁၅ စီး၊ အင်အား ၃၀၀ ပါ စစ်ကြောင်းက မနက် ၈ နာရီ ဝန်းကျင်မှာ ပခုက္ကူမြို့နယ်၊ အောင်သာရွာကို စစ်ကြောင်းထိုးဝင်ရောက် ခဲ့တဲ့အတွက် အောင်သာရွာအပါအဝင် ညောင်ပင်လှ၊ ဆယ်ပင်စု၊ ကမ္မရွာနဲ့ မြစ်ခြေရွာက ဒေသခံ ၁ သောင်းနီးပါး စစ်ရှောင်ခဲ့ကြရတယ်လို့ ဆိုပါတယ်။

ပုံစာ – မြိုင်မြို့နယ်အတွင်းမှ စစ်ရှောင်ပြည်သူများ။

စစ်ဘေးရှောင်တွေအတွက် လက်ရှိမှာ သောက်သုံးရေအဓိကလိုအပ်နေတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ဖလံအိုရွာနဲ့ ချောင်းဂွရွာကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ်ပျက်စီးမှုအရေအတွက်ကိုတော့ မသိရသေးဘူးလို့ သူကဆက်ပြောပါတယ်။

“စစ်ကြောင်း ၂ ခုလုံးဦးတည်တာကတော့ ပေါက်ဘက်က ကပစ ၂၂ ထဲမှာ တရုတ်ပညာရှင်တွေ၊ ကိုရီးယားကပညာရှင်တွေရောက်နေတာရော ကပစတွေကို ထပ်အားဖြည့်ချင်တာတွေကြောင့် အဲ့ကိုပဲသွားမယ့်သဘောပဲလားမသိဘူး”လို့ အညာမြေအရပ်ဖက်အဖွဲ့အစည်း(မြိုင်) တာဝန်ရှိသူက ခန့်မှန်းပါတယ်။

မေ ၂ ရက်မနက်ပိုင်းမှာတော့ ခြေလျင်စစ်ကြောင်းက မြိုင်မြို့နယ်၊ သင်းပေါင်းကန်ရွာ အနောက်တောင်ဘက်မှာ တပ်စွဲနေကြပြီး ပခုက္ကူမြို့နယ်ထဲက စစ်ကြောင်းကတော့ အောင်သာရွာရဲ့ မြောက်ဘက်ကို ဆက်ထွက်နေပြီး ပြန်ပေါင်းမယ့်အနေအထားမရှိသေးဘူးလို့ သိရပါတယ်။

ဒါ့အပြင် မြိုင်မြို့နယ်အတွင်း ဒေသခံကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲတွေဖြစ်နေတယ်လို့ သိရပြီး စစ်ကောင်စီတပ်စွဲထားတဲ့ နေရာအနီးကနေလည်း လက်နက်ကြီးသံတွေကြားနေရတယ်လို့ ဒေသခံတဦးဆီကသိရပါတယ်။

ပုံစာ – မြိုင်မြို့နယ်အတွင်းမှ စစ်ရှောင်ပြည်သူများ။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။