ချောက်၊ နိုဝင်ဘာ ၂၊ ၂၀၂၅။
မကွေးတိုင်း၊ ချောက်မြို့နယ်၊ ဆင်ကကျေးရွာမှာ စစ်မှုထမ်းဟောင်း ၁ ဦးပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပစ်သတ်ခံရသူဟာ စစ်မှုထမ်းဟောင်းအငြိမ်းစား အသက် ၄၅ နှစ်အရွယ် ကိုကျော်ဝင်းဆိုသူဖြစ်ပြီး အောက်တိုဘာ ၃၁ ရက်ညပိုင်းက နေအိမ်အနီးလမ်းပေါ်မှာ ပစ်သတ်ခံရတာလို့ဆိုပါတယ်။
“သူမိန်းမ အေးအေးမော်က ဒလန်လုပ်လို့ သူမိန်းမကိုဝင်ရှင်းတာ။ သူမိန်းမကလွတ်သွားချိန် သူ့ယောက်ျားက ကလန်ကဆန်လုပ်တယ်။ မချေမငံပြောရာကနေ ထွက်ပြေးတယ်ပြောတယ်။ အဲ့ကနေ လမ်းပေါ်ရောက်မှ ပစ်သတ်ခံရတာ။ စကစ က ညပိုင်းဆိုတော့ ဂိတ်မှာမနေချိန် လာလုပ်သွားတာ ဖြစ်နိုင်တယ်။”လို့ ဒေသခံတဦးကပြောပါတယ်။
သေနတ်နဲ့ပစ်ခတ်ခံရလို့ ကိုကျော်ဝင်းရဲ့ ရင်ဘတ်နဲ့ဦးခေါင်းတွေမှာ ကျည်ထိဒဏ်ရာတွေနဲ့ နေရာမှာတင် သေဆုံးသွားပြီး အလောင်းကိုဘယ်သူမှမကောက်ရဲတာကြောင့် နိုဝင်ဘာ ၁ ရက်မနက် စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဂိတ်ဖွင့်ချိန်မှ ကောက်ရတယ်လို့ ဆိုပါတယ်။
ဆင်ကကျေးရွာအနီးမှာ ခလရ ၁၆ နဲ့ဝါဇီတပ်က စစ်ကော်မရှင်တပ်သားတွေက ဂိတ်ဖွင့်ထားပြီး ညနေပိုင်းဆို ဂိတ်မှာနေတာမရှိဘဲ တပ်ရင်းတွေထဲမှာပြန်နေကြတယ်လို့ သိရပါတယ်။
အဆိုပါ ဒေသတဝိုက်မှာ ဒေသကာကွယ်ရေးအဖွဲ့အများစုရှိနေတာကြောင့် ဘယ်အဖွဲ့တွေက ပစ်ခတ်မှုလုပ်သွားတယ်ဆိုတာမသိရသေးသလို သတင်းထုတ်ပြန်တာမျိုးလည်း မရှိသေးပါဘူး။
စစ်ကော်မရှင်ထောက်ခံတယ်လီဂရမ်တွေမှာတော့ ဆင်ကရွာနေအိမ်မှာရှိနေတဲ့ ပြည်သူ ၁ ဦးကို PDF တွေဘက်က လာရောက်ပစ်သတ်ပြီး ဆိုင်ကယ် ၁ စီး၊ ဖုန်း ၁ လုံး၊ ငွေကျပ် သိန်း ၅၀ ယူဆောင်သွားတယ်လို့ ရေးသားဖော်ပြထားကြပါတယ်။
အောက်တိုဘာ ၁ ရက်ကလည်း ချောက်မြို့နယ်၊ ဆင်ကကျေးရွာအနီး ချောက်-ညောင်ဦးလမ်းပေါ်မှာ ဆောက်လုပ်ရေးဝန်ကြီးဌာနက လက်ထောက်ညွန်ကြားရေးမှူးပါ Non CDM ဝန်ထမ်း ၂ ဦးကို လက်နက်ကိုင်အဖွဲ့တခုက ဖမ်းဆီးသွားတဲ့ဖြစ်စဥ်ရှိခဲ့ပါသေးတယ်။
စာတည်း – လင်း