myaelatt athan

Sharing Information to the Local

ဘီလူးစစ်ကြောင်း တပ်စွဲသွားတဲ့ရွာက ဒေသခံ ၂ ဦးအသတ်ခံရ

0 2
0 2

ရေစကြို၊ မတ် ၂၁၊ ၂၀၂၃။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ မီးလောင်ကျွန်းရွာမှာ စစ်ကောင်စီစစ်ကြောင်း ထွက်ခွာသွားပြီးနောက် နယ်မြေရှင်းလင်းရေးဝင်စဉ် အသတ်ခံထားရတဲ့ ရွာသားအလောင်း ၂ လောင်း တွေ့ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တပ်မ ၉၉ ဘီလူးစစ်ကြောင်းဟာ မတ်လ ၁၉ ရက်ကနေ မတ်လ ၂၁ ရက် ဒီမနက် ၆ နာရီလောက်ထိ အဲ့ဒီရွာထဲမှာ တပ်စွဲနေခဲ့တာဖြစ်ပြီး၊ ရွာသားတွေကို သတ်ဖြတ်သွားတဲ့အပြင် ဖမ်းမိထားတဲ့ပြည်သူတွေဆီကနေလည်း ရွှေထည်တွေနဲ့ ပိုက်ဆံတွေ ယူသွားတယ်လို့ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။

“နားဆွဲဝတ်ထားတဲ့ အမျိုးသမီးတွေကို နားဆွဲတွေ ဖြုတ်ခိုင်းတယ်။ စစ်ရှောင်အဖွားတယောက်ဆီက ငွေ ၇၂ သိန်း ယူသွားတယ်။ PDF ၂ ဖွဲ့ရဲ့ ယူနီဖောင်းတွေ လဲဝတ်သွားတယ်။ ရွာသားတဦးက စစ်ကြောင်းစဝင်တဲ့နေ့ကတည်းက အသတ်ခံထားရတာ။ ကျနော်တို့တွေ့တော့ ပုပ်ပွတောင်နေပြီ။ စိတ်မနှံ့တဲ့တယောက်ကိုလည်း သတ်ပြီး PDF ဝတ်စုံ လဲဝတ်ပေးခဲ့တယ်” လို့ ပြောပါတယ်။

မီးလောင်ကျွန်းရွာသားတွေဖြစ်တဲ့ ကိုမောင်ဟန် အသက် ၅၈ နှစ်နဲ့ စိတ်ကျန်းမာရေး ချို့တဲ့သူ ကိုမြတ်စိုးဦး အသက် ၃၅ နှစ်ဝန်းကျင်တို့ အသတ်ခံထားရကာ ဦးမြတ်စိုးဦးမှာတော့ လည်ပင်းပြတ်ရှဒဏ်ရာနဲ့ သေဆုံးနေတာကို တွေ့ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရွာထဲရှိ စစ်ရှောင်ပြည်သူတွေရဲ့ ဆိုင်ကယ် ၁၀ စီးနဲ့ ဆေးဝါးတွေအပြင် နေအိမ် ၃ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပြီး၊ ရွာမှာရှိတဲ့အိမ်တွေကိုလည်း မွှေနှောက်ဖျက်ဆီးသွားခဲ့ကာ တပ်စွဲချိန်အတွင်း ဖမ်းဆီးထားတဲ့ ဒေသခံ ၂၀၀ ကျော်ကိုတော့ ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။

အဲ့ဒီဘီလူးစစ်ကြောင်းဟာ ဒီမနက် ၆ နာရီလောက်ကမှ ရွာကနေထွက်ခွာကာ ပန်းညိုရွာဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဝင်ရောက်ပြီး၊ ညောင်ကားယားနဲ့ မြစ်ဆုံဘက်ကို ဆက်တိုက် စစ်ကြောင်းထိုးနေတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။